သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့မှူ းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အမှိုက်ရှင်း


ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိူက်ကောက်ခဲ့(Photo-NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိူက်ကောက်ခဲ့(Photo-NLD Chairperson)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တနင်္ဂနွေနေ့မှာ သူမရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး ပါတီရဲ့ လှုပ်ရှားမှုမှာ စံပြ အနေနဲ့ အမှိုက်ကောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီး အစိုးရသစ် ဖွဲ့စည်းဖို့ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေကိုယ့်ရဲ့ မဲဆန္ဒနယ်တွေမှာ အမှိုက်တွေ ကောက်ပြီး ရှင်းလင်းကြဖို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့ စနေနေ့က စတင်ပြီး ၂ ရက်ကြာ အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုမှာ ပါတီက ရွေးချယ်ခံ အမတ်တွေ၊ ပါတီဝင်တွေ အပြင် ပါတီကို ထောက်ခံကြသူတွေ၊ လက်ရှိ အစိုးရ ဌာနတွေရဲ့ အကူအညီတွေလည်း ပါဝင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အမှိုက်ရှင်းလင်းဆောင်ရွက်မှုတွေမှာ ပါဝင်လာခဲ့ပါတယ်။ တနိုင်ငံလုံး အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဒေါ်ခင်ဌေးဦးကတော့ မကြာခင်ကမှ ဆုံးပါးသွားတဲ့ သူမရဲ့ အမျိုးသားက NLD ကို ထောက်ခံသူလို့ ဆိုပါတယ်။

“ယောကျ်ားသေလို့ ဝမ်းနည်းတာ တကန့်ပေါ့လေ၊ အမေ ဦးဆောင်နေတဲ့အပိုင်းမှာ လှုပ်ရှားနေရတာဆိုတော့ ကိုယ့်ကိုယ်ကို အလိုလိုပျော်နေတာပဲ၊ ဘာရယ်လို့တောင်ပြောရမှန်းတောင်မသိဘူး။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တနိုင်ငံလုံး အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးလှိုင်မင်းသူကတော့ အိမ်မှာတောင် သန့်ရှင်းရေး မလုပ်ဖူးဘူးလို့ ပြောပါတယ်။

“ပျော်ပါတယ်။ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အိမ်မှာကိုယ်တောင်မှာ ဒါမျိုးတံမျက်စည်းမလှည်းမိခဲ့ဘူး။ ဒီလိုအဖွဲ့အစည်းနဲ့ ပက်သက်လာတဲ့အခါကျရင် ဘယ်လိုပဲဖြစ်ဖြစ်အကုန်လုံးလုပ်ရမယ်ဆိုတဲ့ဟာကို လူတိုင်းသိစေချင်ပါတယ်။”

တနိုင်ငံလုံးမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စနစ်တကျ အမှိုက်စွန့်ပြစ်မှု စနစ် လျော့ရဲခဲ့တာကြောင့် တနိုင်ငံလုံး ပြန့်ကျဲနေတဲ့ အမှိုက်တွေ စွန့်ပစ် ပစ္စည်းတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုကို စတင်လိုက်တာ ဖြစ်ပြီးနောက်ပိုင်းမှာ ပြည်သူ တရပ်လုံးပါဝင်လာဖို့ကိုလည်း ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရသစ် ဖွဲ့နိုင်တဲ့ အထိ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလက်လွှဲ ရရှိရေး တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်ရေးတို့ကိုလည်း တဖက်က ဆောင်ရွက်နေပါတယ်။

XS
SM
MD
LG