သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှိုက်ကောက်လှုပ်ရှားမှုရဲ့ သက်ရောက်မှု


ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိုက်ကောက်ခဲ့(Photo-NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိုက်ကောက်ခဲ့(Photo-NLD Chairperson)

နိုဝင်ဘာလ (၈) ရက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့က သူရဲ့ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ဦးဆောင်ပြီး အမှိုက်ကောက်လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

ဒီလို အမှိုက်ကောက်လှုပ်ရှားမှုဟာ အစိုးရ အာဏာရလာတော့မယ့် NLD ပါတီအနေနဲ့ နိုင်ငံ့ကောင်းကျိုးအတွက် လူထုနဲ့ တသားတည်းဆောင်ရွက်တယ်ဆိုတဲ့ စံနမူနာအလေ့အထကို ထူထောင်တာဖြစ်တယ်လို့လည်း NLD နာယကကြီး ဦးတင်ဦးကပြောပါတယ်။ ဒီလှုပ်ရှားမှုဟာ လူထုထဲမှာရော ဘယ်လောက်ထိ သက်ရောက်မှုတွေရှိနေသလဲဆိုတာကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဒီဇင်ဘာလ (၁၃)ရက်နေ့ မနက်အစောပိုင်းကစပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဆေးရုံ၊ ဈေးနဲ့ မြစ်ကမ်းတလျောက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျောင်းသူ ကျောင်းသားတွေ၊ ပါတီလွှတ်တော်အမတ်တွေ၊ ဒေသခံပြည်သူတွေ နဲ့အတူ အမှိုက်ကောက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ကော့မှူးမြို့နယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။

့ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိုက်ကောက်ခဲ့ (Photo-NLD Chairperson)
့ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမှာ တနိုင်ငံလုံး အမှိုက်ကင်းရှင်းရေး လှုပ်ရှားမှုအနေနဲ့ အမှိုက်ကောက်ခဲ့ (Photo-NLD Chairperson)

နိုဝင်ဘာလရွေးကောက်ပွဲမှာ လူထုက တခဲနက်ဆန္ဒမဲပေးထောက်ခံခဲ့တဲ့ NLD ပါတီအနေနဲ့ နိုင်ငံအကျိုးအတွက် ပြည်သူတွေနဲ့တသားတည်းဆောင်ရွက်တယ်ဆိုတာပြသဖို့အတွက် အခုလို အမှိုက်ကောက်လှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်တယ်လို့ NLD နာယကကြီး ဦးတင်ဦးက ဗွီအိုအေကိုပြောပါတယ်။

“လူထုနဲ့ ပတ်သက်လို့ တသားထဲ၊ တပ်မတော်သားတွေနဲ့ ပတ်သက်လို့ တပေါင်းထဲ၊ တစည်းထဲ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လည်း တညီညွှတ်ထဲ ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေသ အစပျိုး လုပ်ရပ် ဆောင်ရွက်တာဖြစ်တယ်။ အစကတော့ အဖွဲ့ချုပ်က စလုပ်တယ်ဆိုတဲ့သဘောပေါ့ဗျာ။ အမှိုက်ကောက်တယ်ဆိုသော်လည်းပဲ နောက်ကောင်းကျိုးဝိုင်းပြီး ရွက်ကြတော့မယ်ဟေ့ ဆိုပြီး တပြည်လုံးထွက်ပြီး လုပ်ကြရအောင်ဆိုတဲ့သဘောထားလေးကို လုပ်ဆောင်သွားတဲ့အတွက် အင်မတန်လေးနက်တဲ့သဘောသက်ရောက်တယ် လို့ ကျနော်ကတော့ ယုံကြည်ပါတယ် ခင်ဗျာ။”

ပြီးခဲ့တဲ့ သတင်းပတ်တွေက ပါတီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မိမိတို့ရဲ့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေသန့်ရှင်းသာယာရေးကို တာဝန်ယူကြရမှာဖြစ်ပြီး ပထမဆုံး အနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေအလိုက် အမှိုက်ကောက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြားခဲ့ပြီးနောက် တနိုင်ငံလုံးအနှံ့ အမှိုက်ကောက်လှုပ်ရှားမှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။ အခုလို NLD ဦးဆောင်တဲ့ လှုပ်ရှားမှုဟာ လူထုကြားမှာ ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကိုတော့ NLD ဗဟိုတာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပတ်ပတ်လည်မှာရှိနေတဲ့ လူထုအားလုံးက ဒီအဖွဲ့ချုပ်က ပါတီဝင်တွေ အမှိုက်ကောက်တာမြင်လာတဲ့အခါမှာ သူတို့ကိုယ်တိုင် ဈေးသွားရင်းနဲ့ကောက်တာတို့ ၊ကျောင်းသွားရင်းနဲ့ ကောက်တာတို့ ဒါမျိုးတွေတွေ့ရတယ်လို့ပြောပြကြပါတယ်။ အရင်တုန်းကဆိုဗျာ ဘယ်သူမဆို အမှိုက်ပစ်မယ်ဆိုရင် ဒီအတိုင်းပစ်လိုက်ကြတာပဲ၊ အခုကြတော့ တနိုင်ငံလုံးမှာ အမှိုက်ကောက်နေကြပြီဆိုတော့ လူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမှိုက်မပစ်ခင် တွေးမိသွားတယ်။ အမှိုက် ကိုယ်တိုင်ဝင်မကောက်နိုင်ရင်တောင်မှ အမှိုက်မပစ်သင့်ဘူးဆိုတဲ့ အသိစိတ်ဖြစ်သွားတယ်။ အရင်တုန်းကတော့ အလွယ်တကူအမှိုက်ပစ်နေတာလေ။ ဒါ သူလိုလို ကိုယ်လိုလိုပဲ။ ကျနော်တို့လည်းပါခဲ့တာပဲ။ တခါတလေကျရင် ပစ်မိသွားတာပဲ။ ဒါပေမယ့်အခုလိုအခြေအနေမှာကျတော့ အမှိုက်မပစ်ခင်မှာ နှိုးထတဲ့စိတ်တွေစဖြစ်လာတယ်။ ဒါအပြောင်းအလဲရဲ့အစပဲ။”

NLD ကစတင်တဲ့ ပထမဆုံးအကြိမ်တနိုင်ငံလုံးအနှံ့အမှိုက်ကောက်လှုပ်ရှားမှုမှာ စွန့်ပစ်တဲ့နေရာ သတ်မှတ်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ လူထုအခြေပြုအဖွဲ့အစည်းတခုအနေနဲ့ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုရှို င်းက ပြောပါတယ်။

“အခုကျတော့ ဒါပထမဦးဆုံးအကြိမ်ပေါ့နော်။ ပထမဦးဆုံးအကြိမ်လည်းဖြစ်တဲ့အခါကျတော့ ဒါအရင်တုန်းက လုပ်လေ့လုပ်ထမရှိဘူး။ မရှိတဲ့အခါကျတော့ အားနည်းချက်တွေကျနော်တို့ သွားတွေ့ရတယ်။ အမှိုက်ပစ်ဖို့အတွက်ကို နေရာမရှိတာ၊ နောက်ပြီးတချို့နေရာတွေမှာကျတော့ စည်ပင်ကဝန်ထမ်းတွေက ပူးပေါင်းပါဝင်တာရှိပေမယ့် တချို့နေရာတွေမှာကျတော့ ပူးပေါင်းတာမရှိဘူး ။ မရှိတဲ့အခါကျတော့ ပိုပြီးတော့ အခက်အခဲတွေတွေ့ရတယ်ပေါ့နော်။ ကျတော်ထင်ပါတယ်။ ဒီပထမဦးဆုံးအကြိမ်ကနေပြီးတော့ သင်ခန်းစာရပြီးတော့ နောက်ပိုင်းအချိန်တွေကျရင် အမှိုက်ကောက်ပြီဆိုရင် အမှိုက်မကောက်ခင်ကတည်းက ပစ်ဖို့နေရာတွေကို ကျတော်တို့ကြိုတင်ပြီးတော့မှ သက်မှတ်ထားတာမျိုးလေးတွေ လုပ်လာတာမျိုးလေးတွေရှိရင်တော့ ကျတော်တို့ ဒီတခေါက်ကလိုမျိုးအမှိုက်ပစ်ဖို့နေရာ မရှိတဲ့ပြဿနာ ပိုပြီးတော့ လျှော့နည်းသွားနိုင်တယ်ပေါ့နော်။”

အမှိုက်ကောက်လှုပ်ရှားမှုမှာ အမှိုက်တွေကို ဘယ်လိုစနစ်တကျ စွန့်ပစ်ရမယ်လို့ ဖေါ်ပြထားတဲ့ ပညာပေးစာရွက်စာတမ်းတွေကိုလည်း တချို့မဲဆန္ဒနယ်မြေတွေမှာ NLD က တနိုင်တပိုင် ဖြန့်ဝေခဲ့ပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုံ့ဆော်မှုနဲ့ ပြည်နယ် တိုင်းအသီးသီးမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ အမှိုက်ကောက် လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၃ရက် ၊ ၂ ရက် ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

XS
SM
MD
LG