NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ဟာ တနင်္ဂနွေနေ့က ပြီးဆုံးသွားပါတယ်။ ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့သလို ဘေဂျင်းမြို့တော်အပြင်၊ ရှန်ဟိုင်း၊ ကူမင်းစတဲ့ မြို့တွေဆီကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။ တရုတ်မဟာတံတိုင်းကြီးဆီကိုလည်းဒေါ်အောင်ဆန်းစုကြည်သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်ကရော NLD ဘက်ကပါ ထဲထဲဝင်ဝင် သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြတရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ရေးသားသုံးသပ်ထားကြတာတွေကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ သမိုင်းဝင် ၅ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ပထမဆုံးနေ့မှာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံတဲ့အကြောင်း ဆင်ဟွာနဲ့ CCTV သတင်းတွေမှာ အကျဉ်းချုပ် ဖော်ပြခဲ့တာကလွဲလို့ တရုတ်အစိုးရဘက်ကရော NLD ဘက်ကပါ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သွားခဲ့တာဟာ တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ ဖိတ်ကြားချက်နဲ့ သွားခဲ့တာဖြစ်ပြီး နိုင်ငံခြားရေးဌာနရဲ့ ဖိတ်ကြားချက်ကြောင့်မဟုတ်ဘူးလို့ South China Morning Post သတင်းစာမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ရေးသား ထားပါတယ်။ သမ္မတ ရှီကျင့်ပင်ဟာလည်း တရုတ်နိုင်ငံရဲ့ သံတမန်ရေး ထုံးစံကိုဖျက်ပြီး ဒါ်အောင်ဆန်းစုကြည်ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သမ္မတရှီကျင့်ပင်က တေ့ွဆုံတာဆိုပေမယ့်လည်း ပြည်ပနိုင်ငံတခုက အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို တရုတ်သမ္မတအနေနဲ့ လက်ခံတွေ့ဆုံရိုး ထုံးစံမရှိတဲ့အတွက် သမ္မတရှီကျင့်ပင်က အခုလိုတွေ့တာဟာ ထူးခြားတဲ့အချက် ဖြစ်တယ်လို့ သတင်းစာမှာ ထောက်ပြထားပါတယ်။
ပါတီအကြီးအကဲတွေအနေနဲ့ တေ့ွဆုံပွဲမှာ နိုင်ငံရေး၊ စီးပွားရေးတို့အပြင် နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံအနေနဲ့ အစဉ်အလာအားဖြင့် မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ပေမယ့်လည်း မြန်မာလူထုရဲ့ တရုတ်ပြည်အပေါ် လက်ရှိ အမြင်သဘောထားနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက လက်ရှိ အနေအထားတဲ့ပိုပြီး အနိုင်ရနိုင်ခြေရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတရှီကျင့်ပင်ဟာ နိုင်ငံတကာ အသိုင်းဝိုင်းအကြားမှာ ပြုပြင် ပြောင်းလဲရေးကို လိုလားသူအဖြစ် ပြသနိုင်အောင် ချစ်ကြည်ရေးလမ်းကြောင်း ဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အယူဝါဒ ကွဲပြားနေမှုတွေကို ဘေးဖယ်ထားပြီး နှစ်နိုင်ငံ ရေရှည် အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေကိုပဲ ဒီခရီးစဉ်အတွင်းမှာ အာရုံစိုက် လုပ်ဆောင်ခဲ့တဲ့အတွက် Win – Win လို့ ခေါ်တဲ့ နှစ်ဦး နှစ်ဘက် အကျိုးရှိစေတဲ့ ခရီးစဉ်ဖြစ်တယ်လို့ South China Morning Post သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။
ဒါပေမယ့် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အပါအဝင် တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမ နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရစဉ်တုန်းက နိုင်ငံတကာက နိဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေက လှုပ်ရှား ပြောဆိုခဲ့တဲ့အတိုင်း တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo လွတ်မြောက်ရေးအတွက် တရုတ်ခေါင်းဆောင်တွေကို တိုက်တွန်းပြောဆိုသင့်တယ်လို့ ထောက်ပြ ပြောဆိုကြကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ရောက်လာတဲ့ ဗုဒ္ဓဟူးနေ့မှာပဲ Liu Xiaobo အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြင်ဆင်စရာ အကြောင်းမရှိဘူးလို့ တရုတ်အစိုးရက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တို့အပါအဝင် တရုတ် မဟာတံတိုင်းကြီးကိုလည်း သွားရောက် လေ့လာခဲ့သလို မြန်မာပြည်နဲ့ အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ်ထဲက ကူမင်းမြို့ဆီကိုပါသွားရောက်ပြီး ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Liu Jiheng နဲ့ တွေ့ဆုံခဲ့တယ်လို့ The Star Online သတင်းစာမှာ ရေးသားထားပါတယ်။
The Strait Times သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယူနန်ပြည်နယ်ခရီးစဉ်အကြောင်း ရေးသားထားတာမှာတော့ - ယူနန် ပြည်နယ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့မှုတွေဟာ မြန်မာနိုင်ငံအတွက် အတုယူစရာတွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ယူနန်ပြည်နယ် ကွန်မြူနစ်ပါအတီ အတွင်းရေမှူး Liu Jiheng ကလည်း တူညီတဲ့ တိုင်းရင်းသား လူမျိုးစုတွေ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံနှစ်ဘက်စလုံး ရှိနေကြတယ်ဆိုတာကို မီးမောင်းထိုး ပြောကြားခဲ့တယ်လို့ The Strait Times သတင်းစာမှာ ဖော်ပြထားပါတယ်။