လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ တနင်္လာနေ့က တေ့ွဆုံခဲ့ကြစဉ် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ လက်တွေ့မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Lavrov တို့ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။
၂၃ ကြိမ်မြောက် အာဆီယံလုံခြုံရေး ဆွေးနွေးပွဲတက်ရောက်စဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြန်မာနဲ့ ရုရှားနိုင်ငံကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။
ရေတပ်ဆိုင်ရာကိစ္စတွေ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ ပညာရေးနဲ့ တခြားစစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားကြဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးလို နိုင်ငံတကာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေကြဖို့လည်း မြန်မာနဲ့ ရုရှားနိုင်ငံကြား ဇွန်လတုန်းက သဘောတူညီခဲ့ကြပါတယ်။