သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အကိုဖြစ်သူထပ်ဖွင့်


အာဇာနည်နေ့ အခမ်းအနား တက်ရောက်လာတဲ့ ဦးအောင်ဆန်းဦးနဲ့ ဇနီးဖြစ်သူ လဲ့လဲ့နွယ်သိန်း ( ဇူလိုင် ၁၉၊ ၂၀၀၇)
အာဇာနည်နေ့ အခမ်းအနား တက်ရောက်လာတဲ့ ဦးအောင်ဆန်းဦးနဲ့ ဇနီးဖြစ်သူ လဲ့လဲ့နွယ်သိန်း ( ဇူလိုင် ၁၉၊ ၂၀၀၇)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို လေလံတင်ရောင်းချပြီး အမွေပိုင်ဆိုင်မှုအဖြစ် တဝက်စီခွဲယူဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ မနေ့ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအဆင့် အယူခံ လျှောက်လွှာတင်သွင်းခဲ့ပါတယ်။

နေအိမ်ခြံဝင်းကို တဝက်စီ အမွေခွဲဝေပြီးသားဖြစ်ပေမယ့် ဦးအောင်ဆန်းဦးဘက်က ကျေနပ်မှုမရှိတဲ့အတွက် တရားရုံး အဆင့်အဆင့် အယူခံတင်၊ ပယ်ချခံရပြီးနောက် အခုလို အထူးအယူခံ တင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြမှာပါ။

နှစ် ဧက အကျယ်အဝန်းရှိတဲ့ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်း အမွေရလိုမှုနဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဦးအောင်ဆန်းဦးအနေနဲ့ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်တဲ့အတွက် နိုင်ငံခြားသားတဦးအနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင်မြေယာပိုင်ဆိုင်ခွင့် မရှိတဲ့ ဥပဒေပေါ်မူတည်ပြီး ၂၀၀၁ ခုနှစ်မှာ အထက်တရားရုံးက အမှုကို ပယ်ချခဲ့ပါတယ်။

နောက်တကြိမ် ၂၀၁၁ ခုနှစ် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဦးအောင်ဆန်းဦးဘက်က အမွေမှုကို ထပ်ပြီးတင်ခဲ့တဲ့အတွက် ခြံမြေကို တဝက်စီပိုင်ဆိုင်ခွင့်ရှိကြောင်း တရားရုံးက ၂၀၁၂ ခုနှစ် ဇွန်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။

နှစ်ထပ်အိမ်မကြီး အပါအဝင် အင်ယားကန်ဘက်ခြမ်းကို ဒေါ်အောင်ဆန်းစုကြည်ရခဲ့တဲ့အပေါ် ကျေနပ်မှုမရှိပဲ နှစ်အတန်ကြာ တရားရုံး အဆင့်ဆင့် အယူခံတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့အတွက် အောက်တိုဘာလ (၁၇)ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဦးအောင်ဆန်းဦး ကိုယ်တိုင် အယူခံလျှောက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးအထွက် သတင်းထောက်တွေကို ဦးအောင်ဆန်းဦးက အခုလိုပြောပါတယ်။

“အခုဟာ ပစ္စည်းခွဲပြီး ညှိုလို့က မလွယ်ဘူးလေ။ အိမ်ပါလား၊ မပါလား။ အဲဒါတွေ မလိုချင်ဘူး။ ကျနော်တို့ လေလံပစ်ပြီးတော့ ရတဲ့တန်ဖိုးကို တယောက်တဝက်ခွဲမယ်။ ဒါအရှင်းဆုံးပဲ။ အဲဒါကို ကျနော်တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရားတာကို တောင်းဆိုတာမဟုတ်ဘူး။ ရှင်းရှင်းလေးပဲ။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပါတယ်ဆိုတာနဲ့ ဘာမှ မဆိုင်တော့ဘူး။ တန်ဖိုးကို tax တွေဘာတွေပေးပြီး တယောက်တဝက် ရရင်ပြီးတာပါပဲ။”

ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်ကလည်း သူတို့ အယူခံ အဆင့်ဆင့်တင်ခဲ့ပုံကို အခုလို သတင်းထောက်တွေကို ပြောပါတယ်။

“ပဏာမ ဒီဂရီဆိုတာ အရင်ရှိတယ်။ ပဏာမ ဒီဂရီပေါ် မူတည်ပြီး အဆင့်ဆင့် အယူခံတွေ တက်ကြတယ်။ ပြီးတော့မှ ကော်မရှင်နာ ပြန်စစ်ဆေးတယ်။ ကော်မရှင်ဆိုတာ ပစ္စည်းစာရင်းကောက်တာပေါ့။ ကော်မရှင်နာ စစ်ဆေးတယ်။ အစီရင်ခံစာပြန်တင်တယ်။ အဲဒီအပေါ်မှာ အပြီးသတ် ဒီဂရီ ကျတယ်။ အဲဒီ အပြီးသတ်ဒီဂရီကို ကျနော်တို့က ပြန်ပြန်တက်နေတာ။ လိုအပ်ချက်တွေရှိနေတယ်။ မကျေနပ်လို့ပေါ့ဗျာ။ အဲဒီသဘောမျိုးနဲ့ တက်နေတာ အခုဒီထိ ရောက်လာတာ။”

အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို ဦးအောင်ဆန်းဦးဘက်က အယူခံတင်သွင်းပေမယ့်လည်း တရားရုံးဘက်က အယူခံကို လက်ခံသင့် မခံသင့် ဆုံးဖြတ်မယ့် အဆင့်စောင့်ကြည့်ရအုံးမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဥပဒေရေးရာ လေ့လာနေသူ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒါကတော့ အပြီးသတ်ဒီဂရီ ချမှတ်ပြီးတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် တရားရုံးချုပ်ကို အထူးအယူခံအနေနဲ့ လျှောက်ထားတဲ့ ကိစ္စဖြစ်တာကိုး။ ဒါတရားစီရင်ရေးဆိုင်ရာမှာ ဆိုရင်တော့ အထူးအယူခံအနေနဲ့ လျှောက်ထားတဲ့ ကိစ္စဖြစ်တော့ကာ ဒါကို လက်ခံသင့်မသင့် ကြားနာမှာ။ ဒါကိုလည်း ချက်ချင်းကြားနာအုံးမှာ မဟုတ်သေးဘူး။ လက်ခံသင့်မသင့် ကြားနာပြီးမှ လက်ခံသင့်တယ်ဆိုမှ လက်ခံပြီးတော့ စစ်ဆေးဆုံးဖြတ်မှာပါ။”

အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ဦးအောင်ဆန်းဦးအနေနဲ့ အခုလို ခြံမြေပိုင်ဆိုင်မှု အမွေ ခွဲယူတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဥပဒေကြောင်းအရ ဘယ်လိုရှိနေသလဲဆိုတာကိုလည်း ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

“နိုင်ငံခြားသားဖြစ်တဲ့ ဦးအောင်ဆန်းဦးအနေနဲ့ကတော့ အမွေရပေမယ့်လည်း မြေပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် မြေကို ရောင်းရမှာပဲဖြစ်တယ်။ ရောင်းတဲ့အခါကျတော့ ကော်မရှင်နာတွေကနေ ခွဲစိတ်ပေးထားတဲ့ သူ့ဘက်ခြမ်းမှာ မြေကြီးနဲ့ တထပ်တိုက်ပျက်ပဲရှိတယ်ဆိုတော့ ထင်သလောက် ဈေးမရတဲ့အတွက် လောဘတက်ပြီး ရနိုင်ကောင်းရက်ဆိုပြီး တချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့ဗျာ။ ပိုက်ဆံလည်းပိုရလို့ ရငြား။ နောက်ဒီအချိန် ဒေါ်အောင်ဆန်းစုကြည်လက်ထက် တရားစီရင်ရေးက မမျှမတဖြစ်နေပြီးလား။ ဒီလိုမျိုးတွေ လုပ်ချင်တဲ့ နိုင်ငံရေးဦးတည်ချက်လည်း ပါတာပေါ့ဗျာ။”

ဖခင်ဖြစ်သူ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် လက်ရှိ ပြတိုက်အဖြစ်ဖွင့်လှစ်ထားတဲ့ ရန်ကုန် တာဝါလိမ်း နေအိမ်ကနေ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို နေအိမ်အမွေကိစ္စနဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးရဲ့ တရားစွဲဆိုတဲ့ လုပ်ရပ်ဟာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ မြင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်တဲ့ ဒေါက်တင့်ဆွေက မြင်ပါတယ်။

“ နိုင်ငံရေးအရကြည့်ရင်တော့ ကျနော်တို့ တိုင်းပြည်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဆိုတော့ ကျနော်တို့က အင်မတန်မှ တန်ဖိုးထား လေးစားတဲ့ ပုဂ္ဂိုလ်တယောက်က တရားမ မှုခင်း ထပ်ပြီးတော့ ပြန်ဖြစ်လာတယ်ဆိုတော့ အင်မတန်မှ စိတ်မကောင်းစရာဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ရဲ့ဂုဏ်ကိုလည်း အင်မတန်မှ သွားထိခိုက်နိုင်တယ်လို့ ကျနော်မြင်ပါတယ်။ နောက် ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်။ နောက်တခါ လက်ရှိမှာလည်း တိုင်းပြည်ရဲ့ အကြီးဆုံးတာဝန်ကြီးတခုကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်ကို ဒီလိုအချိန်မျိုးမှာ ဒီလိုမှုခင်း ပြန်ပြီးဖေါ်တဲ့ဟာက နိုင်ငံရေးအရကြည့်ရင် တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မကောင်းစေတဲ့အရာဖြစ်ပါတယ်။”

အရင် ၂၀၁၁ခုနှစ် နေအိမ်အမွေဆိုင်အမှုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကွယ်လွန်သွားပြီဖြစ်တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့အတူ ဦးလှမျိုးမြင့်အပြင် ဒေါ်ခင်ဌေးကြွယ်တို့က လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG