သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေစိုးမိုးမှသာ ဖွဲ့စည်းပုံပြင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ
ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ (Myanmar State Counsellor Office)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ (Myanmar State Counsellor Office)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရတဲ့အဖွဲ့တွေ များပြားတာကြောင့် ငြိမ်းချမ်းရေး မအောင်မြင်သေးတာဖြစ်တယ်လို့ နိုင်ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဆက်လက်လုပ်ဆောင် နိုင်မယ်လို့လည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ လူငယ်တွေနဲ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီသတင်းကိုမေခကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအောင်မြင်ဖို့ တဖက်နဲ့တဖက် နားလည်မှု၊ စာနာမှုရှိဖို့လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ခုချိန်ထိ ငြိမ်းချမ်းရေး မအောင်မြင်သေးတာနဲ့ပတ်သက်လို့ ဒီကနေ့ ကယားပြည်နယ်လွိုင်ကော်မြို့မှာလုပ်တဲ့ လူငယ်နဲ့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောကြားခဲ့ပါတယ်။

"ခက်ခဲနေတာကလည်း ဟိုဘက်ဒီဘက် အဘက်ဘက်ကိုကြည့်တဲ့အမြင်တွေက အားနည်းနေသေးလို့ ဒီလိုပဲမြင်တယ်။ ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် အထူးခက်ခဲနေတဲ့ ကိစ္စတခုက ဘာလဲဆိုရင် တခြားနိုင်ငံတွေနဲ့ စာရင် ငြိမ်းချမ်းရေးရအောင်လို့ ပါဝင်ပြီးတော့ လုပ်ဆောင်တဲ့ အဖွဲ့တွေက တော်တော်များတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းများတယ်။ နောက်ပြီးတော့ ဒီနိုင်ငံမှာဆိုရင် တပ်မတော်လည်း ပါတယ်။ အစိုးရလည်းပါတယ်။ လွှတ်တော်လည်းပါတယ် စသဖြင့်ပေါ့နော် အစုအဖွဲ့တွေကတော်တော်များတယ်။ နိုင်ငံတော်တော်များများမှာ ငြိမ်းချမ်းရေးရအောင်လုပ်တယ်ဆိုတာက အဖွဲ့ ၂ ဖွဲ့ကြားမှာလုပ်တာတွေကများတယ်။ ဥပမာ-အစိုးရနဲ့ တိုက်ခိုက်နေတဲ့ အစုအဖွဲ့ ၁ ခုနဲ့ ဒီလို တယောက်ချင်းတယောက်ချင်း ငြိမ်းချမ်းရေးရအောင်လုပ်တယ်ဆိုတာက မြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားမျှတမှုဆိုတာလည်း ချိန်ခွင်လျှာ၊ တကယ်တော့ ချိန်ခွင်ဆိုတာလည်း တကယ်တော့ ပြောရင် ၂ ဘက်ပဲ ရှိတယ်။ အခုက ဘက်တွေက သိပ်ပြီးများတဲ့အခါကျတော့ အဲဒီဟာအားလုံးညီမျှအောင်လုပ်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲတယ်။"

လက်ရှိ တိုင်းရင်းသားတိုင်းမှာ ကြောက်စိတ်နဲ့အသက်ရှင်သန်နေရဆဲဖြစ်သလို လတ်တလော ကြုံနေရတဲ့စားဝတ်နေရေး ပြဿနာတွေနဲ့ပတ်သတ်လို့ ကယန်းတိုင်းရင်းသား မာရီယိုက ဆွေးနွေးပွဲမှာခုလို ဆွေးနွေးပါတယ်။

"အနှစ် ၆၀ လောက်လောက်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးတောက်လောင်မှုကြောင့် ကျနော်တို့ တိုင်းရင်းသားတွေအခုအထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ တောင်သူမဲ့ လယ်ယာမဲ့ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့လို့ ကျနော်ဆိုရင် ငယ်ငယ်ကတည်းက အဲဒီစစ်ဖြစ်ပွားမှုအတွင်းမှာပဲ ကြုံလာခဲ့ရတယ်။ ကြောက်လည်းကြောက်ခဲ့ရတယ် ညဆိုရင်လည်း အိမ်အောက်ဘက်မှာပဲ အိပ်ခဲ့ရတယ် အပေါ်မှာ မအိပ်ခဲ့ရဘူး။ ကျောင်းတက်ပြီဆိုရင်လည်း စာလည်းမကျက်ခဲ့ရဘူးဆိုတော့ ဆရာမက တုတ်နဲ့ ခြိမ်းခြောက်ပြန်ရော။ အဲဒီလိုအတွေ့အကြုံလေးတွေ ခံစားခဲ့ရတယ်။ ကျနော်နှင့်တကွ တိုင်းရင်းသားအားလုံးရင်ထဲမှာ အခုအချိန်အထိ အမြစ်တွယ်နေတာက ကြောက်စိတ်တခုပါပဲ ဒါကို နားလည်ပေးပါလို့ ကြိုပြီးမေတ္တာရပ်ခံချင်ပါတယ်။"

ငြိမ်းချမ်းရေးလုပ်ဆောင်သူတွေအနေနဲ့ အတ္တ ကိုယ်စီလျော့ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

"ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေအားလုံးဟာ ပိုပြီးတော့ သဘောထားကြီးဖို့လိုတယ်။ အဲဒီတော့ ပြည်သူလူထုကလည်း တရားမျှတတယ်ဆိုတာ ဘာလဲဆိုတာကို နားလည်ရမယ်။ စောစောကပြောသလိုပေါ့ တရားမျှတတယ်ဆိုတာ ကိုယ့်အတွက်မျှတတာပဲမဖြစ်ဖို့ သတိပြုရမယ်။ တရားမျှတမှုပေါ့၊ တရားမျှတမှုဆိုတာက ကိုယ့်အစုအဖွဲ့လေး ကိုယ်နဲ့ သဘောထားချင်းတူတဲ့ လူတွေညှိပြီးတော့ ဒါဟာ တရားမျှတတယ်ဆိုပြီးတော့ တဖက်သတ် ကိုင်ထားလို့မရဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်ရင် ပိုပြီးတော့ ကျယ်ပြန့်တဲ့အသိုင်းအဝိုင်းလိုအပ်ပါတယ်။"

မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၁၇နှစ် ငြိမ်းချမ်းရေးနှစ်ဖြစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မေ ျှာ်လင့်ခဲ့ပေမဲ့ ထင်သလောက် ခရီးမရောက်ခဲ့ဘူးလို့ သုံးသပ်သူတွေက သုံးသပ်နေကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေ အားလုံးပါဝင်ပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။

ကယားပြည်နယ်က ကိုစိုးဝင်းအောင်ကတော့ NLD အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ပေးနိုင်ပေးပြီး စစ်မှန်တဲ့ ဖက်ဒရယ် စနစ် ထူထောင်ဖို့ ဆွေးနွေးပါတယ်။

"ငြိမ်းချမ်းလာပြီဆိုတာနဲ့ ပြည်သူလူထု ပထမဦးဆုံးခံစားရမှာက အကြောက်တရားတွေအားလုံးကင်းစင်မယ် ၊ နောက်တခါ ခုနပြောတဲ့ တရားဥပဒေစိုးမိုးမှုပါပဲ။ ကျနော်တို့ မငြိမ်းချမ်းခြင်းနဲ့ တရားဥပဒေစိုးမိုးမှုကင်းခြင်းဟာ တိုက်ရိုက်အချိုးကျနေတယ်လို့တောင်ကျနော်ဒီလိုအောက်မေ့ပါတယ်။"

NLD အနေနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွဲ့စည်းပုံပြင် ဆင်ရေးကို ဆက်လက်လုပ်ဆောင် နိုင်မယ်လို့ အတိုင်ပင်ခံက ကယားပြည်နယ်မှာ လူငယ်တွေနဲ့တွေ့ဆုံလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ လူငယ်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ဒေသခံတွေနဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG