သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲချိန်တန်ပြီလို့ ဒေါ်စုပြော


နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရွေးကောက်ပွဲမဲဆွယ်ပွဲမှ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၂၀၊ ၂၀၁၅)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရွေးကောက်ပွဲမဲဆွယ်ပွဲမှ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၂၀၊ ၂၀၁၅)

မြန်မာပြည်သူလူထုရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်ပြီး လုံခြုံမှုရှိလာစေဖို့အတွက် မြန်မာနိုင်ငံမှာ အမှန်တကယ်ပြောင်းလဲဖို့ အချိန်တန်ပါပြီလို့ ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးလာစေမယ့် အုပ်ချုပ်သူအစိုးရတရပ် ပေါ်ပေါက်လာဖို့လည်း အရေးတကြီး လိုအပ်နေပြီလို့ လူထုသောင်းချီ တက်ရောက်တဲ့ ဒီကနေ့ နေပြည်တော် ဇေယျာသီရိမြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးခရီးအတွင်း ပြော လိုက်တာပါ။ ဒါပေမဲ့လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော်ကမြို့နယ်တွေမှာ ပါတီ အောင်နိုင်ရေး ယှဉ်ပြိုင်မှုမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ မဆုမွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း နေပြည်တော်က ဇေယျာ သီရိမြို့နယ် နန်းသြကျေးရွာမှာ ဒေသခံပြည်သူလူထုနဲ့တွေ့ဆုံချိန် မြန်မာပြည်မှာ အမှန်တကယ်ပြောင်းလဲချိန်တန်ပါပြီလို့ ပြောလိုက်ပါတယ်။

“ပြောင်းလဲမှုဟာ မှန်ကန်တဲ့ပြောင်းလဲမှုမျိုးဖြစ်ရမယ်။ နောက်ပြီးတော့လည်း တကယ်ပြောင်းလဲရမယ်။ တချို့ကျတော့ အပြောတော့ သိပ်ကောင်းတာပဲ၊ ဟိုဟာလုပ်ပေးပါမယ်၊ ဒီဟာလုပ်ပေးပါ့မယ်ဆိုပြီး အပြောပဲရှိတယ်၊ ဘာမှ သက်ရောက်မှုမရှိဘူး။ အဲဒါဟာ တကယ် အဲဒီလိုပြောပြီးတော့ပြောတဲ့ ပြောင်းလဲမှုမျိုးဆိုတာ တကယ့်စစ်မှန်တဲ့ပြောင်းလဲမှု မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကျမတို့ ဘာဖြစ်လို့ ပြောင်းချင်လဲ။ ဘာဖြစ်လို့ ပြောင်းချင်လဲဆိုတော့ ကျမတို့ပြည်သူတွေရဲ့ဘဝတွေ ဖွံ့ဖြိုးစေချင်လို့၊ လုံခြုံစေချင်လို့၊ တိုးတက်စေချင်လို့၊ ဆိုတော့ အဲဒါပြောင်းဖို့ ကျမတို့ဘာလိုလဲဆိုတော့ ခပ်တိုတိုပြောရရင် ပြည်သူ့ရဲ့မဲတွေကို လိုပါတယ်-လို့ ပြောပါရစေ။ ကျမတို့ပြည်သူက ခေါင်းထဲမှာ သေသေချာချာ စွဲပြီး မှတ်ထားရမှာက - မဲတိုင်း တစ်ခုချင်းတစ်ခုချင်းဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ အဲဒီမဲတွေကို မဖြုန်းပါနဲ့။ အဲဒီမဲတွေကို မရောင်းစားပါနဲ့၊ ပေးသမျှကို ယူပါ။ မဲကိုတော့ မပေးပါနဲ့လို့ ကျမ ပြောပါရစေ။”

ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ဘဝလုံခြုံမှုရှိစေဖို့ မိမိတို့အကျိုးကို ကာကွယ်စောင့်ရှောက်နိုင်မယ့် တရားဥပဒေ စိုးမိုးမှုရှိတဲ့ အုပ်ချုပ်သူ အစိုးရတရပ် ပေါ်ပေါက်လာရေး နိုင်ငံသားအခွင့်အရေးနဲ့အညီ မဲပေးကြဖို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“ကျမတို့နိုင်ငံမှာ ဒီလို ဥပဒေကို အလွဲသုံးစားလုပ်ခဲ့တာ အင်မတန်ကြာပါပြီ။ ဥပဒေကောင်းတွေ ရှိလို့ရှိရင်တောင်မှ ထိထိရောက်ရောက်မဖြစ်တာကို ကျမတို့တွေ့ရပါတယ်။ အခု ဇေယျာသီရိအပါအဝင် ကျမတို့နိုင်ငံရဲ့ ကျေးလက်တောရွာအများအပြားမှာ ဆိုရင် အဓိကပြဿနာက လယ်ယာမြေ ပြဿနာပဲ။ ပြည်သူတွေရဲ့လယ်ယာမြေတွေကို မတရားသဖြင့်သိမ်းထားတာ၊ ဥပဒေက ပြန်ပေးဆိုလို့ရှိရင်လည်း မပေးတာ။ ပေးမယ်လို့ ပါးစပ်ကပြောပြီး တကယ်တော့ ကိုယ့်လက်ထဲပြန်မရောက်တာ။ ဒါမျိုးတွေဟာ တရားဥပဒေစိုးမိုးရေးမရှိလို့ ဖြစ်ရတဲ့ ကိစ္စတွေပါ။”

နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်မှာတော့ ဒေသခံပြည်သူ ငါးသောင်းကျော် တက်ရောက်ခဲ့တယ်လို့ NLD ဘက်က ခန့်မှန်းပြောဆိုထားပါတယ်။ ဒါပေမဲ့လို့ နေပြည်တော် တခွင်မှာ ရှိတဲ့ ဇေယျာသီရိ မြို့နယ်အပါအဝင် မြို့နယ် တော်တော်များများမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့အခါ ရွေးကောက်ပွဲ အောင်နိုင်ရေး စိန်ခေါ်မှု အခက်အခဲတွေနဲ့ ကြုံရနိုင်ပါတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ နေပြည်တော်က နေရာတချို့မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ဒီတကြိမ် ၂၀၁၅ မှာ ကြုံလာရနိုင်ခြေတွေကို အခုလိုပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုမျိုး နေပြည်တော်ဝန်းကျင် မြို့နယ်တွေမှာ အပြတ်အသတ် အနိုင်ရရှိတာမျိုးဖြစ်ဖို့ အလားအလာနည်းတယ်လို့ ကျနော်က မြင်ပါတယ်။ လတ်တလော အခု ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး သွားတဲ့ နေပြည်တော်ဝန်းကျင် မဲဆန္ဒနယ်တွေကတော့ ကျနော့အမြင်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စိန်ခေါ်မှုမြင့်မားတဲ့ မဲဆန္ဒနယ်တွေ ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမဲဆန္ဒနယ်တွေမှာ ကြိုတင်မဲတွေလည်း အများကြီးရှိနိုင်ပါတယ်။ နောက်ပြီးတော့ အာဏာရပါတီရဲ့အမာခံကျေးရွာတွေ၊ အမာခံ ဒေသတွေလည်းပဲ ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ နေပြည်တော်ဝန်းကျင် မြို့နယ်တွေရဲ့အခြေအနေဟာ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စိန်ခေါ်မှုမြင့်မားတဲ့ဒေသတွေဖြစ်လာမယ်လို့ မြင်ပါတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်ဇေယျာသီရိက ဒေသခံပြည်သူတွေကို အာဏာဟာ ပြည်သူ့လက်ထဲမှာရှိတယ်၊ အာဏာကြီးမားသူဟာ ပြည်သူသာဖြစ်တယ်ဆိုတာကို ပြည်သူတွေသတိချပ်စေဖို့ တိုက်တွန်း ပြောဆိုပါတယ်။ တချိန်တုန်းက အာရှဒေသမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုချိန်မှာ အစစရာရာ တိုးတက်မှု ကျဆင်းနေရတာဟာ စနစ်မကောင်းခဲ့လို့ ဖြစ်ရတဲ့အတွက် တိုင်းပြည်အတွင်း စနစ်ပြောင်း ခေတ်ပြောင်းနိုင်အောင် ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုနေပါတယ်။

XS
SM
MD
LG