သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့သဘောအရဆိုလို့ရှိရင်တော့- အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါအုံးမလား၊ ဖြစ်နိုင်ပါအုံးမလားဆိုတာ သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့အဓိကအကြောင်းရင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်က “ခါးခါးသီးသီး” ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းလမ်းနဲ့ဖြစ်အောင် အတိုးအလျှော့လုပ်လို့ ရနိုင်မလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက “ညှိနှိုင်းတယ်”-ဆိုတဲ့စကားကို သုံးသွားတယ်၊ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက်တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး၊ မနေ့တနေ့ကမှ၊ အရင်တလ နှစ်လကမှ မဟုတ်ပါဘူး။ NLD က တစိုက်မတ်မတ်နဲ့ ‘နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်ဆိုတာ’ အဲဒီမူအပေါ်မှာ ရပ်တည်ခဲ့တယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ်စောစောပိုင်းကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ တောင်းခဲ့တဲ့ဟာ-ဟာ ဒီလိုပြဿနာတွေကို ပြေလည်အောင် ကြိုတင်ပြီးတော့ လုပ်ဖို့ပါ။ အခုနကပြောသွားတဲ့ အထဲမှာ “ခါးခါးသီး”-ဆိုတဲ့အသုံးအနှုန်းကို သုံးသွားတယ်နော်၊ အဲဒီလို ခါးခါးသီး-ဆိုတဲ့ ပုံစံတွေ မပေါ်စေချင်လို့ တဘက်နဲ့တဘက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

XS
SM
MD
LG