သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု နိုဝင်ဘာ ၂၅ သက်သေတွေ စစစ်မယ်


{{Zawgyi/Unicode}}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ၊ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေအပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုအတွက် လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အမှု စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။ အမှုသည်နဲ့ ရှေ့နေတွေ သီးခြားတွေ့ဆုံ ဆွေးနွေးခွင့်ကို ဒီကနေ့ ရုံးချိန်းမစခင်မှာ ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအပေါ် နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်တယ်ဆိုတဲ့ စွဲချက် အတွက် နေပြည်တော်မှာ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ဆက်ပြီးကြားနာပါတယ်။ ဒီအမှုအတွက် နိုဝင်ဘာ ၂၅ ရက်နေ့မှာ သက်သေတွေကို စတင်စစ်ဆေးသွားမယ်လို့ တရားရုံးက သတ်မှတ်လိုက်တဲ့အကြောင်း ရှေ့နေတဦးက ပြောပါတယ်။

"တရားလိုစစ်မှာ၊ တရားလို မစစ်ရသေးဘူးရဲမှူးအောင်မျိုးလွင်တဲ့။တရားလို စ စစ်ရမယ်။ နောက်တချိန်းမှာ တရားလို၊ တရားလိုပြသက်သေ တပါတည်း စစ်မယ်။ ချိန်းထားတယ်။ ၂၅ ရက်နေ့ပြန်ချိန်းတယ်။"

တရားစွဲခံထားရသူတွေအနေနဲ့ အမှုလိုက်ရှေ့နေတွေနဲ့ အမှုကိစ္စ သီးသန့်ဆွေးနွေးနိုင်ဖို့ တရားရုံးကို တောင်းဆိုထားတာကိုလည်း ဒီနေ့ ရုံးချိန်းမစခင်မှာ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အပါအဝင် အမှုသည် ၅ ဦးစလုံး အမှုနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။

Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့လည်း တရားစွဲထားပါတယ်။ နေပြည်တော်မှာ နှစ်မှုလုံး တပြိုင်တည်း ကြားနာ စစ်ဆေးနေပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ သြစတြေးလျသံရုံးက Sean Turnell နဲ့ တွေ့ဆုံခွင့် တောင်းဆိုထားတာကိုလည်း လုံခြုံရေးအရ မပေးနိုင်သေးဘူးလို့ တုံ့ပြန်ထားကြောင်း သိရပါတယ်။

စီးပွားရေးအကြံပေး Turnell ရဲ့ ကွန်ပြူတာထဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရွက်စာတမ်းတွေ တေ့ွရှိတယ်၊ အဲဒီစာရွက်စာတမ်းတွေကို သြစတြေးလျသံရုံးကို ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်နဲ့ ယခင်ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ငါးဦးကို နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲထားတာပါ။ ဒီပုဒ်မတွေနဲ့အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တယ်လို့ တည်ဆဲဥပဒေမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှု အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲခံထားရပြီး ဒီထဲက ၅ မှုနဲ့ စွဲချက်တင်ခံထားရပါမယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မနဲ့ စွဲချက်ချက်တင်ခံထားရတဲ့ အမှု ၂ မှုအတွက်ထောင်ဒဏ် အနှစ် ၂၀ ချခံထားရတဲ့ NLD နာယက ဦးဝင်းထိန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ သက်သေအဖြစ် ထွက်ဆိုနိုင်ဖို့ တရားရုံးကို ရှေ့နေတွေ တင်ပြထားပါတယ်။

ဦးဝင်းထိန်ကိုတော့ နေပြည်တော်အချုပ်ထောင်ကနေမန္တလေးတိုင်း အိုးဘိုထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ရှေ့နေကပြောပါတယ်။

"ဟုတ်ပါတယ်။ ကျနော်တောင် အယူခံအတွက် အိုးဘိုထောင် မန္တလေးဘက်ကိုလာနေတာပါ။ မန္တလေးတိုင်းတရားလွှတ်တော်ဘက်မှာ တက်ရမှာပါ၊ ထောင်ဝင်စာယူရမှာပါ။ ကျနော်တို့တော့သတင်းတော့ အဆက်အသွယ်ဘာမှတော့မရသေးဘူး။ ဟုတ်ကဲ့ မတွေ့ရသေးပါဘူး။"

အသက် ၈၀ ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဆီးချို၊ သွေးတိုးနဲ့နှ လုံးရောဂါတွေ ခံစားနေရသူဖြစ်ပါတယ်။ အောက်စီဂျင်တပ်ပြီး အိပ်နေရသူဖြစ်သလို ဘီးတပ်ကုလားထိုင်နဲ သွားလာနေရသူလည်း ဖြစ်ပါတယ်။ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ ထောင်ပြောင်းလိုက်တဲ့ အခြေအနေကိုတော့ အမှုသည်နဲ့ မတွေ့ရသေးတာမို့ သေချာမသိရသေးဘူးလို့ ရှေ့နေကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက် နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီပြစ်ဒဏ် အတွက် အယူခံဆက်တက်ဖို့ ပြင်ဆင်နေပေမယ့် အသေးစိတ်မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ သတင်းဌာနတချိုနဲ့ တွေ့ဆုံပြီး ပြည်သူသို့ပန်ကြားချက်ဆိုပြီး ပြောခဲ့တာက နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲ ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}
















=========

XS
SM
MD
LG