သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွမ်ဂျူး လူ့အခွင့်အရေးဆု ဒေါ်စုလက်ခံယူမည်


တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကြာသာပတေးနေ့မှာတော့ ၂၀၀၄ ခုနှစ်ကတည်းက ရရှိထားတဲ့ ဂွမ်ဂျူး (ဒေါ်(Gyeongju) လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီးယား ခရီးစဉ်အတွင်း လိုက်ပါသတင်းယူနေပြီး အခု ဂွမ်ဂျူး မြို့မှာ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရော်နီညိမ်း အခုလို စပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာဆိုလို့ရှိရင် မနေ့တုန်းက ဖျောင်းချန်းမြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် မသန်မစွမ်းသူများရဲ့ အထူး အိုလံပစ်ပွဲတော်နဲ့ တတွဲတည်း ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီး ဆွေးနွေးပွဲကနေတဆင့် ဂွမ်ဂျူးမြို့ကို မနေ့ညနေ ကတည်းက ရောက်ရှိသွားတာပေါ့ခင်ဗျာ။ ဒီကနေ့ မနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီ တော်လှန်ရေးအထိမ်းအမှတ် သုဿန်ကိုသွားပြီး လွမ်းသူ့ပန်းခွေ ချမှာပါ။ အဲဒါကတော့ သမ္မတ ချန်ဒူးဝှမ်လက်ထက်တုန်းက ဂွမ်ဂျူးမြို့မှာ ဒီမိုကရေစီရေး ဆန္ဒပြကြသူတွေကို အင်အားသုံး နှိမ်နင်းခဲ့တာမှာ သေဆုံးသွားခဲ့ရသူတွေအတွက် အထိမ်းအမှတ်ပြုလုပ်ထားတဲ့ သုဿန်ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆုကိုလည်း တက်ရောက်ပြီးတော့ ရယူမှာပါ။ နောက်ပြီးတော့ အခုနတုန်းက ဒီမိုကရေစီရရှိရေး ဂွမ်ဂျူးမြို့ကနေ အပြင်းအထန်ကြိုးပမ်းခဲ့လို့ ဂွမ်ဂျူးအရေးတော်ပုံ လို့ လည်း ခေါ်ကြတဲ့ အထူးသဖြင့် ကျောင်းသားတွေ ကျဆုံးသွားခဲ့တာပေါ့- အဲဒီတော့ အဲဒီအထိမ်းအမှတ်နဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ထူးချွန်သူတွေကို ဆုချီးမြှင့်တယ်။ ၂၀၀၄ ခုနှစ်တုန်းက ဂွမ်ဂျူးမြို့ကနေပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဆိုပြီးတော့ ချီးမြှင့်ခဲ့တာ ရှိပါတယ်။ အဲဒီ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး ဒီဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေ ၂ နာရီခွဲလောက်မှာ ဂွမ်ဂျူးမြို့ကနေ ဆိုးလ်မြို့တော်ကို ဆက်ပြီးထွက်ခွာသွားမှာပါ။ ဆိုးလ်မြို့တော်ကို ရောက်တဲ့အခါမှာ ညနေပိုင်း မှာ ကိုရီးယား လွှတ်တော်အမတ်တွေက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မှာ ဖြစ်ပါတယ်ခင်ဗျား။

မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခွင့်ရတယ်လို့ လည်း ပြောပါတယ်။ အဲဒါ ဘယ်မှာလဲရှင့်။

ဖြေ။ ။ ကျနော်က မနေ့တုန်းကပေါ့နော်- ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ မသန်မစွမ်းသူတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ ဆွေးနွေးပွဲမှာ သတင်းထောက်တွေ မေးခွန်းမေးခွင့်ရတဲ့အခါမှ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ဗမာနိုင်ငံ မှာ စစ်ပွဲတွေနဲ့ပတ်သက်လို့ ဆက်စပ်ပြီး ဖြစ်ပေါ်လာရတဲ့ မသန်မစွမ်းသူတွေရဲ့ ကိစ္စကို မေးတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်ဖြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ မသန်မစွမ်းသူတွေရဲ့ ပြဿနာဟာ လူမျိုးရေးကြောင့်လု့ိ ကျမကတော့ မထင်ပါဘူး။ ဒါက လူမှုရေး၊ နိုင်ငံ ရေးတွေနဲ့ ဆက်စပ်နေတာပါ။ မသန် မစွမ်းသူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ရုံနဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်မယ်လို့လည်း ကျမအတွက်တော့ မသေချာပါဘူး။ အားလုံးအနေနဲ့ ခြုံပြီးပြောရရင်တော့ ငြိမ်းချမ်းရေးဆိုတာအတွက် ကျမတို့တွေဟာ ရိုးသားရမယ်၊ လိုက်လိုက် လျောလျောရှိရမယ်၊ မေတ္တာရှေ့ထားတာနဲ့ မဆုတ်မနစ်စိတ်ထားတွေ ရှိရမယ်၊ မတူကွဲပြားခြားနားမှုတွေ ရှိကြတာဟာ တစုံတရာချွတ်ယွင်းမှု ရှိနေ လို့ မဟုတ်ဘူးဆိုတာကို နားလည်ကြရမယ်။ လူတွေဟာ ဘာကြောင့် တယောက်ကိုတယောက်၊ ဘာကြောင့် ရုပ်ပိုင်းခန္ဓာကိုယ် အနေအထားကို ကြည့်ပြီး ခွဲခြားဆက်ဆံနေကြရတာလဲ။ လူတွေဟာ အခြေခံအားဖြင့် မတူကွဲပြားခြားနားမှုတွေအပေါ်မှာ ကြောက်တတ်ကြတယ်။ ဒါကြောင့် လူလူချင်းကြားမှာ အသားအရောင်အရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေ လုပ်လာကြတာပဲ။

ဒီနေရာမှာ အဓိကကျတာကို ကျမပြောချင်ပါတယ်။ လူတွေက တယောက်နဲ့တယောက်ကြားက မတူကွဲပြားခြားနားကြတာကို ကြောက်နေကြတယ်။ ဒါကြောင့် မတူကွဲပြားခြားနားမှုကို ကိုယ့်ကိုခြိမ်းခြောက်နေမှု တစ်ရပ်လို့ မြင်လာကြတယ်။ တကယ်တော့ ဒါဟာ ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ လူလူချင်းကြားမှာ မတူကွဲပြားခြားနားကြတာဟာ လူသားရဲ့ ဖြစ်တည်မှုပါပဲ။ ဒါက မတူကွဲပြားမှုတွေကို ဘဝအတွေ့အကြုံပါ ထပ်ပေါင်းထည့် ပေးလိုက်ရပါမယ်။ ဒါကို ကျမတို့ နိုင်ငံအပါအဝင်မှာ လေ့လာသင်ယူကြရလိမ့်မယ်။ မတူကွဲပြားခြားနားကြတဲ့ လူမျိုးစုတွေ ရှိနေကြလို့ ပြဿနာတွေ ရှိလာရတာမဟုတ်ပါဘူး၊ အဲလိုသာပြောရရင် လူမျိုးစုတွေ များပြားတဲ့ ကျမတို့နိုင်ငံမှာ အထူး ပြဿနာတစ်ရပ် ဖြစ်နေမှာပေါ့။ ကျမတို့ဟာ မတူကွဲပြားခြားနားမှုကနေ ဘဝမှာ သင်ယူနိုင်တဲ့ အထူးအခွင့် အရေးကို ရကြတာပါပဲ။ သိပ်မကြာတော့တဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှမှုကို ကျမတို့ ရရှိကြမယ်ဆိုတာ ကျမကတော့ သေချာပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရော်နီ ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကတော့ အလွန်အောင်မြင်တဲ့ခရီးစဉ်ပါပဲ။
XS
SM
MD
LG