သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေမြတ်နိုးဂုဏ်ယူရတဲ့စစ်တပ် ဖြစ်ဖို့ဒေါ်စုလိုလား


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst iဗိုလ်လောင်းများနှင့် လက်ဖက်ရည်အတူသောက်နေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst iဗိုလ်လောင်းများနှင့် လက်ဖက်ရည်အတူသောက်နေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့စစ်တပ်မျိုး ရှိစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာဆိုရင် ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မှာ မဟုတ်တော့ဘူးလို့လည်း ဗြိတိန်နိုင်ငံ၊ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“တိုင်းပြည်ဟာ စစ်တပ်ရဲ့အခိုင်းအစေ မဖြစ်သင့်ပါဘူး၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့အောက်ခြေ ဖြစ်ရပါလိမ့်မယ်။ ဒါဟာ Sandhurst တက္ကသိုလ်က သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။”

ဒီတစ်ခေါက် ဗြိတိန်နိုင်ငံ ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို သောကြာနေ့က ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက လေးစားချစ်ခင်ပြီး ဂုဏ်ယူတဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်စစ်စစ် ရှိစေချင်လို့ တကယ်ကောင်းမွန်တဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာရအောင် လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်လောင်းတွေနဲ့ လက်ဖက်ရည်သောက်ရင်း Sandhurst တက္ကသိုလ်ဟာ ဖျက်ဆီးဖို့မဟုတ်ဘဲ ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်တပ်ကောင်းတစ်ခုဖြစ်အောင် မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေကို ပို့ချပေးနေတဲ့နေရာလို့လည်း သူမက ချီးကျူးပြောခဲ့ပါတယ်။

ဗြိတိသျှလက်အောက်ကလွတ်မြောက်အောင် တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဘဝကနေပြီးတော့ အခုအခါမှာ ပါလီမန်မှာ အတိုက်အခံခေင်းဆောင် နိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့ပါပြီ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ရလဒ်ကို အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်က ကြားဖြတ်ရွေးကောက်ပွဲမှာ သူမရဲ့ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ တခါ ၂၀၁၅ ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံဥပဒေကို ပြုပြင်နိုင်မှသာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sandhurst တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတဲ့အခါ အခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

“ဒါဟာ ကျမ သမ္မတဖြစ်လာနိုင်မယ့် အရေးလောက်နဲ့သာ ပတ်သက်နေတာ မဟုတ်ပါဘူး။ အခုလက်ရှိ အခြေအနေမှာကို ဖွဲ့စည်းပုံက ဒီမိုကရေစီကို အလွန့်အလွန် ကန့်သတ်ထားတဲ့သဘော ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လှမ်းနေပြီလို့ ကမ္ဘာက ထင်နေပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့သာဆိုရင်တော့ လက်ရှိအခြေအနေထက် ရှေ့တိုးနိုင်စရာကို မရှိတော့ပါဘူး။”

မကြာသေးမီရက်များအတွင်းက မြန်မာနိုင်ငံမှာ မူဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ရှုတ်ချတာမျိုးမရှိဘူးလို့ ဗြိတိန်နိုင်ငံ မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

ကျယ်ပြန့်လာတဲ့ မူဆလင်ဆန့်ကျင်ရေး ခံစားမှုတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အန္တရာယ်ဖြစ်နေပြီး ဒီမုန်းတီးမှုတွေဟာ ရာစုနှစ်ဝက်ကျော်ကျော် စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနားက ဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှု၊ မုန်းတီးမှုမှန်သမျှကို ကျမ ရှုတ်ချပါတယ်။ ဒါပေမဲ့ လူတွေကို ရှုတ်ချနေလို့တော့ အကျိုးရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ လူတွေကို ကျမတို့ ပြုပြင်နိုင်ပါတယ်။ လူတွေရဲ့ အတွေးအမြင်တွေကိုလည်း ပြောင်းလဲပေးအောင် လုပ်နိုင်ပါတယ်။ ရှုတ်ချနေရုံနဲ့ ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ သတင်းထောက်တွေက ဘယ်လိုလုပ်မလဲလို့ မေးတော့ နည်းလမ်းကတော့ လူတွေဟာ တဖက်သားရဲ့ ပြဿနာတွေကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်အောင် သူတပါးရဲ့ စိုးရိမ်စိတ်၊ မုန်းတီးစိတ်တွေကို သိရှိနားလည်နိုင်အောင်၊ စိတ်ဓာတ်လုံခြုံမှု အာမခံချက် ပေးရပါလိမ့်မယ်။ အဲဒီနောက် ဒီမုန်းတီးစိတ်၊ စိုးရိမ်စိတ်တွေ ပပျောက်အောင်လို့ ကြိုးပမ်းကြရမှာပါ။”

မြန်မာအစိုးရကတော့ ၂၀၁၂ ဇွန်နဲ့အောက်တိုဘာတုန်းက ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မူဆလင်တွေဟာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့ မြန်မာဘက်ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် ဘက်က တရားမဝင် ခိုးဝင်လာသူတွေလို့ ယူဆထားပါတယ်။ ဒီပဋိပက္ခတွေဟာ ကျန်တဲ့နေရာတွေကိုပါ ပျံ့နှံ့လာပြီး ရိုဟင်ဂျာတွေနဲ့ကွဲလွဲတဲ့ ကမန်အပါအဝင် တခြားသော မူဆလင်တွေကိုပါ ပစ်မှတ်ထားလာကြပါတယ်။

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံရဲ့လူဦးရေထဲမှာ ၅ % ဟာ မူဆလင်တွေဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
XS
SM
MD
LG