သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝ ဘေးအန္တရာယ်အမှု အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို


၂၀၂၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် အထွေထွေ ရွေးကောက်ပွဲ အတွက် ကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်အပြီး အပြန်ခရီး (သြဂုတ်လ ၄၊ ၂၀၂၀)
၂၀၂၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် အထွေထွေ ရွေးကောက်ပွဲ အတွက် ကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်အပြီး အပြန်ခရီး (သြဂုတ်လ ၄၊ ၂၀၂၀)

{{{Zawgyi/Unicode}}}

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တာနဲ့ပတ်သက်လို့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ပြောကြားခဲ့ကြောင်း စုံစမ်းသိရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုနဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုတွေကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသူတွေကို ထွက်ပြီးနှုတ်ဆက်ခဲ့တာကို ကိုဗစ်ဆိုင်ရာ ထုတ်ပြန်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်တယ်ဆိုပြီး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အောက်တိုဘာလမှာ စွဲချက်တင်ခဲ့တာပါ။ ဒီအမှုအတွက် တရားသူကြီးဘက်က အပြစ်ရှိမရှိမေးမြန်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ဘာပြစ်မှုမှ ကျူးလွန်တာမရှိခဲ့တာမို့ အပြစ်မရှိကြောင်း တုံ့ပြန်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီအမှုတခုတည်းမဟုတ်ဘဲ စစ်ကောင်စီက တရားစွဲထားသမျှ အမှုတွေအားလုံးမှာလည်း သူအပြစ် လုပ်ထားတာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။သဘာဝ ဘေး အမှုအတွက် ဒီကနေ့မှာ ပြန်ခေါ်သက်သေတွေကိုစစ်ဆေးခဲ့ပြီး လာမယ့်ရုံးချိန်းမှာတော့ တရားပြိုင်ဘက်က သက်သေလိုက်မယ့် သက်သေအမည်စာရင်းကို တင်သွင်းဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကော်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုအတွက်လည်း ဒီနေ့ အထူးတရားရုံးမှာ ကြားနာပါတယ်။ ဒီနေ့မှာတော့ ဒေါက်တာမျိုးအောင်ကိုယ်တိုင် သက်သေထွက်ဆို လျှောက်ထားခဲ့ပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က သူ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခြေအနေတွေကို ဒေါက်တာမျိုးအောင် တင်ပြခဲ့တယ်လို့သိရပေမယ့် ဘယ်လိုအချက်တွေ ပြောခဲ့သလဲအသေးစိတ်တော့ မသိခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို စစ်ကောင်စီက အမိန့်ထုတ် တားမြစ်ထားတာကြောင့် လျှောက်ထား ထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိနိုင်ပါဘူး။

စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်းနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက် ၂ စောင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ပုဒ်မနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ ဒီအမှုအတွက် သီးခြားလိုပြသက်သေ မတင်ဘဲ စွပ်စွဲခံရသူ ၃ ဦးစလုံးက ကိုယ်တိုင်သက်သေထွက်ဆိုနေကြတာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် ပြီးခဲ့တဲ့အခေါက် ရုံးချိန်းတွေမှာ ထွက်ဆိုခဲ့ကြပါတယ်။ ဒီနေ့ စစ်ဆေးတဲ့ အမှု ၂ ခုအတွက် နောက်ထပ်ရုံးချိန်းက နိုဝင်ဘာ ၉ရက်ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု စတဲ့အမှုတွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ လက်ရှိမှာ ရင်ဆိုင်နေပြီး အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

-------------

{{{Unicode}}}








#MyanmarMilitaryCoup #AungSanSuuKyiTrial #VOABurmese

#သဘာဝဘေးအန်တရာယျဆိုငျရာအမှု#၅၀၅ခ

XS
SM
MD
LG