သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွတ်ကျက်ဖြေ ပညာရေးစနစ် ပြု ပြင်ဖို့ ဒေါ်စုတိုက်တွန်း


NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

ဒီကနေ့ခေတ်ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို ကွန်ပြူတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ အသုံးချနေတဲ့အတွက် စာဖတ်ချိန်နည်းလာပြီး စာပေနဲ့အလှမ်းဝေးတာဟာ ဝမ်းနည်းဖို့ကောင်းကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေပညာရေးစနစ်ဟာ လူငယ်တွေရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်နဲ့ ပြင်ပစာပေ ဖတ်ရှုတာတွေကို ကန့်သတ် ပိတ်ပင်နေတယ် လို့လည်း ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ နိုဘယ်-မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့ သူရဲ့သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကိုမအင်ကြင်းနိုင်က တင်ပြမှာပါ။

မြန်မာနိုင်ငံရဲ့အလွတ်ကျက်ဖြေ ပညာရေးစနစ်နဲ့ ပတ်သက်လို့ ခေတ်မမှီတော့ကြောင်း သူရဲ့အမြင်ကို ပြီးခဲ့တဲ့ သတင်းပတ်တွင်း နေပြည်တော်က လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။

“အလွတ်ကျက်တာကိုလည်း ဒါပညာရဖို့အတွက် အကောင်းဆုံးနည်းတော့မဟုတ်ဘူးပေါ့နော်။ တကယ်ဆိုရင်တော့ ဒါအခုခေတ်မှာ ဆိုရင်တော့ ခေတ်မမှီဘူးလို့ပြောရမယ်။ နားလည်အောင် သင်ပြီးဖို့ ပြန်ပြီးတော့လုပ်ရမယ်။”

အခုလိုမြန်မာနိုင်ငံမှာ အလွတ်ကျက်ဖြေရတဲ့ ပညာရေးစနစ်အပြင် စာသင်ချိန်တွေထဲမှာ စာဖတ်ဖို့အချိန်ကိုထည့်မထားတာ၊ စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ အလုံအလောက် မရှိတာတွေ ကြောင့် မြန်မာကျောင်းသားလူငယ်တွေဟာ စာပေနဲ့အလှမ်းဝေးသွားတာကို သူ့အနေနဲ့ ဝမ်းနည်းမိကြောင်း စနေနေ့က စတင်ပြီး သုံးရက်ကြာကျင်းပတဲ့ နိုဘယ်မြန်မာ စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသား ထားပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ် လူငယ်တွေ စာပေဖတ်ရှုဖို့ အချိန်နည်းလာတဲ့ အကြောင်းအရင်း တွေထဲမှာ နည်းပညာအလွန်မြင့်တက်လာတာကြောင့် လူနေမှုဘဝတွေပြောင်းလဲလာပြီး ကလေးတွေဟာ ကွန်ပြုတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ သူတို့ရဲ့ အချိန် အများစုကို အသုံးချလာနေတာကြောင့်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

အခုလို နည်းပညာကြောင့် အကောင်းအဆိုးရလဒ်တွေရှိနေရာမှာ လူငယ်တွေ လမ်းကြောင်းမလွဲအောင် စောင့်ကြည့် တည့်မတ်ပေးဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လာရောက်လေ့လာနေတဲ့ NNER မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် ကိုယ်စားလှယ်အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

“ ဒီနည်းပညာမှာ အကောင်း၊အဆိုးတွေရှိသလို ထိန်းကျောင်းပေးဖို့လိုပါတယ်။ လူငယ်တွေအတွက်ကို အချိန်တွေကုန်ဆုံးပြီးတော့ ပြဿနာရှိနိုင်တယ်ဆိုတာလည်း ကျနော်တို့လက်ခံပါတယ်။ ဒီအမေရိကန်တချို့ကျောင်းတွေမှာဆိုရင်လည်း ဒီ ဂိမ်းတွေ မှာ လူငယ်တွေ အချိန်ကုန်ဆုံးနေတဲ့ အပေါ်မှာ သူတို့လည်း စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်ပြီးတော့ သုသေသနလုပ်ပြီးတော့ အဲဒီ ဂိမ်းတွေကို ကစားတဲ့အခါမှာ လူငယ်တွေကိုလည်း မကစားနဲ့လို့တော့ တားလို့မရဘူးပေါ့နော်။ တားလို့မရတဲ့အခါမှာ ဉာဏ်ရေထက်မြတ်စေတဲ့ ဂိမ်းတွေ အဲဒါတွေကိုဖန်တီးပြီးတော့မှ လုပ်လာတာတွေတွေ့ရတယ်။ အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လူကြီးပိုင်းတွေက သူတို့ရဲ့ မျိုးစက်တွေပေါ်မှာ ဘယ်လိုစောင့်ကြည့်ပြီးတော့၊ ဘယ်လိုတည့်မှတ်ပေးမလဲ လမ်းကြောင်းတွေမလွဲသွားအောင်ပေါ့နော် ၊ အဲဒါတွေကတော့ အမျှော်အမြင်ရှိတဲ့ ဦးဆောင်တဲ့လူတွေက အရေးကြီးတာပေါ့လေ။”

မြန်မာနိုင်ငံမှာ စာကြည့်တိုက်ရှိတဲ့ မြို့၊ ကျေးရွာ၊ ရပ်ကွက်ဆိုတာမျိုး အင်မတန်ရှားပါး လာတာဟာလည်း လူငယ်တွေအတွက် စာပေလေ့လာဖတ်ရှုဖို့အားနည်းချက်တွေဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသလို ကိုစိုးထွန်းကတော့စာကြည့်တိုက်တွေအစား အရက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေပိုပြီးများနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ စာကြည့်တိုက်တွေနဲ့ ယှဉ်ရင် အရက်ဆိုင်တွေများနေတာပေါ့နော်၊ အဲဒီလိုပဲ ဒီမြို့တွေမှာလည်းဖွင့်တာတွေက စာကြည့်တိုက်တွေ ၊ စာအုပ်ဆိုင်တွေဖွင့်မယ့်အစား ဂိမ်းစင်တာတွေက ပိုပြီးတိုးလာတာတွေများနေတယ်ပေါ့နော်။ အဲတော့ စာဖတ်ပြီးတော့ ကျနော်တို့ ရမယ့်ဟာတွေစာကြည့်တိုက်တွေမရှိပေမယ့်လည်း ကျနော်တို့ Online စာအုပ်ဆိုင်တွေ ကနေပြီးတော့ ကျနော်တို့ကျောင်းသားတွေကို ဘယ်လိုပေးနိုင်မလဲပေါ့နော် ၊ application တွေအများကြီးရှိတယ်၊ အဲဒီကနေပြီးတော့ ကျောင်းသားတွေကို ဖုန်းတလုံးနဲ့ ကျနော်တို့ ရှာဖွေပြီးတော့ သိနိုင်အောင်ပေါ့နော်၊ online စာအုပ်စဉ်တွေအနေနဲ့ လုပ်ပေးနိုင်တာမျိုးပေါ့နော် ၊ computerတွေ၊ notepad တွေ၊ laptop တွေ ပေါ့ပေါ့ပါးပါးသယ်နိုင်တဲ့ ပစ္စည်းတွေကနေ ထည့်ထားနိုင်တဲ့အနေအထားမျိုး အဲတော့ ကိုယ်သိချင်တာတွေကို ခုနက application တွေနဲ့ google search တွေနဲ့ ကောင်းကောင်းရှာနိုင်တဲ့ဟာမျိုး ကျနော်တို့ လုပ်ပေးပြီးတော့ လူငယ်တွေကို စာဖတ်ချင်စိတ်ကြီး လာအောင်လို့ ကျနော်တို့လုပ်ပေးရမှာကတော့ အသေအချာပဲပေါ့နော်။”

နိုဘယ်မြန်မာစာပေပွဲတော်အတွက် ပေးပို့တဲ့သဝဏ်လွှာမှာလည်း ကလေးတွေစာဖတ်ချင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့နဲ့ ကလေးစာအုပ်တွေပိုပြီးရေးသားထုတ်ဝေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကလေးစာပေကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ် ကစပြီး တနှစ်တကြိမ်ကျင်းပတဲ့ နိုဘယ်မြန်မာစာပေပွဲတော်ကို ဇန်နဝါရီလ (၁၆) ရက်နေ့ကနေ (၁၈)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပနေတာဖြစ်ပါတယ်။

XS
SM
MD
LG