သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေး အနှစ်သာရတွေကို နားလည်လိုက်နာဖို့ ဒေါ်စုတိုက်တွန်း


(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ- NLD)
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ- NLD)

လွတ်လပ်ရေးနေ့အဓိဋ္ဌာန်နဲ့ ကြေညာစာတမ်းအတိုင်း မြန်မာပြည်သူတွေလိုက်နာကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့မှာကျင်းပတဲ့ (၆၇)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ (၄)ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခမ်းမမှာ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပခဲ့ရာမှာ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းနဲ့ အဓိဋ္ဌာန်ကို ပြည်သူတွေအနေနဲ့ နားလည်အောင် လုပ်ကြပြီး အဲဒီအတိုင်း လိုက်နာဆောင်ရွက်ဖို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“ကျမတို့က ဒီကြေညာစာတမ်းနဲ့ ဒီအဓိဌာန်ကို ခနခနလေ့လာဖို့လိုတယ်။ တစ်နှစ်တစ်ခါ လွတ်လပ်ရေးနေ့မှာမှ သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ယောက်ကနေ ဖတ်ပြလိုက်လို့ နားထောင်ပြီးတော့ လိုက်ရွတ်ဆိုတာလောက်နဲ့မပြီးဘူး။ ဒါကို သေသေချာချာလေ့လာရမယ်။ ကျမတို့သွင်းပေးချင်တဲ့စိတ်ဓာတ်တွေကို ကျမတို့ မွေးမြူရမယ်။ ဒီလိုစာသားမျိုး၊ ဒီလိုအဓိဌာန်မျိုးဆိုတာက ရေးတဲ့လူတွေကတော့ ရေးခဲ့ပြီ။ နားထောင်တဲ့သူတွေ၊ လိုက်ရွတ်ဆိုတဲ့လူတွေက ကျင့်ကြံမှ အဓိပ္ပာယ်ရှိမှာ။ နို့မို့လို့ ဆိုလို့ရှိလို့ရှိရင် စာအုပ်ထဲမှာရှိတဲ့ စာလုံးတွေပဲ ဖြစ်ပါလိမ့်မယ်။”

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံအတွက် ရေးသားခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်းနဲ့ အဓိဋ္ဌာန်ကိုကြည့်ရင် လွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ မြင့်မြတ်တဲ့စိတ်ထား၊ အမြော်အမြင်နဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့စေတနာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်။ လွတ်လပ်ရေး ကြေညာစာတမ်းထဲမှာတော့ ‘တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ တန်းတူအခွင့်အရေးတူညီတဲ့ သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်’- ဆိုတဲ့ အချက်ပါဝင်သလို လွတ်လပ်ရေးနေ့ သစ္စာဓိဋ္ဌာန် (၉) ချက်ထဲမှာလည်း လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်တဲ့လမ်းစဉ်အတိုင်း တသွေးမတိမ်း ချီတက်မည်ဆိုတဲ့ အချက်ကို ဖေါ်ပြထားတာပါ။ ဒါကြောင့်ဗိုလ်ချုပ် အောင်ဆန်းနဲ့ မြန်မာ့လွတ်လပ်ရေး ခွဲခြားမရနိုင်ဘူးလို့လည်း NLD ရဲ့ လွတ်လပ်ရေးနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။ မန္တလေးမြို့မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားမှာလည်း (၆၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယနဲ့ တိုက်ဆိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွေပါ ပြုလုပ်ခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“ကျနော်တို့ ဒါ ဗိုလ်ချုပ်အောင်ဆန်းကို၊ ကျေးဇူးရှိသူကို ကျေးဇူးတရားသိတတ်တဲ့ပွဲ။ ဂုဏ်ပြုရင်းနဲ့ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ရယူပေးတဲ့ လွတ်လပ်ရေးနေ့မှာ ဒီလိုအစီအစဉ်လေးတွေ ထူးထူးခြားခြား ဒီနှစ်မှာ ပိုပြီးတော့ ဆောင်ရွက်နေတယ်လို့ပဲ ကျနော်မြင်ပါတယ်။”

မန္တလေးမြို့က အခမ်းအနားမှာ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ အသက်ထင်ရှားရှိနေသူ အဖိုးအဖွား (၇) ဦးကိုလည်း ပထမဆုံးအကြိမ် ဂုဏ်ပြုဆုတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဦးမင်းသူက ပြောပါတယ်။

XS
SM
MD
LG