သုံးရလွယ်ကူစေသည့် Link များ

Theodore Roosevelt အထက်တန်းကျောင်း ဒေါ်စု သွားရောက် လေ့လာ


Theodore Roosevelt အထက်တန်းကျောင်း ဒေါ်စု သွားရောက် လေ့လာ

ပညာရေးအရအလွန်အောင်မြင်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံပညာရေးစနစ်ကို လေ့လာတဲ့အနေနဲ့ မနေ့က ၀ါရှင်တန်ဒီစီမှာရှိတဲ့ Theodore Roosevelt အထက်တန်းကျောင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းနေသလို ပညာရေးအတွက် ထောက်ပံမှုတွေအလုံအလောက်ရဖို့ အခက်အခဲတွေအများကြီးရှိနေသေးကြောင်း အမေရိကန်ကျောင်းသူကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ် ပြောပြမှာပါ။

Theodore Roosevelt အထက်တန်းကျောင်းကို သူ့အနေနဲ့ ဘာကြောင့်လာ ရောက်ကြည့်ရှုရ သလဲဆိုတာကို စာကြည့်တိုက်မှာပြုလုပ်တဲ့ ကျောင်းသူကျောင်းသားအယောက် (၂၀)နီးပါး နဲ့ တွေ့ဆုံ စကားပြောရာမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က စပြီးပြောပါတယ်။

“ဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းကတော့ အမေရိကန်ပြည်ထောင်စုက အထက်တန်းကျောင်း တွေကို ကျမ တခါမှ မရောက်ဘူးလို့ပါ။ ကုလသမဂ္ဂမှာ အလုပ်လုပ်တုန်းက ကျမ ဒီမှာ နှစ်အတော်များ များနေခဲ့ဘူးပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် အထက်တန်းကျောင်း ကိုတော့ တခါမှ မရောက်ခဲ့ပါဘူး။ အခု ကျမ အထက်တန်းကျောင်းကို စိတ်ဝင်စားရနေတာက အထူးသဖြင့် ကျမတို့နိုင်ငံမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကြိုးစားဆောင်ရွက်နေ လို့ဖြစ်ပါတယ်။”

ပညာရေးမှာ အဓိက ဖြစ်နေတဲ့ပြဿနာဟာ အလုပ်အကိုင်ရှာဖွေလို့ မရတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာရေး ဖြစ်ထွန်းအောင် အလေးပေးဆောင်ရွက်ချင်တယ်လို့လည်းဆိုပါတယ်။ ကျောင်းသားတွေအနေနဲ့ သူတို့ ဘယ်မှာ အားသာတယ်၊ အားနည်းတယ်ဆိုတာ သူတို့ကိုသူတို့ သေချာသိနိုင်ပြီး ရွေးချယ်နိုင် အောင်လို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒါကြောင့် အခု အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကျောင်းသားတွေရဲ့ ပြောဆိုချက်တွေကို ကျမနားထောင်ချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပညာရေးအရ အလွန်အောင်မြင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။”

ဒါအပြင် ကျောင်းသားတွေအနေနဲ့ သူတို့ပညာရေးစနစ်ဘာကြောင့် အောင်မြင်နေသလဲဆိုတဲ့ အမြင်ကို သူ့အနေနဲ့ သိချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒါကတော့ ကျောင်းကနေ စာအုပ်၊ စာတမ်း၊ ခဲတံ စတဲ့ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းမှန်သမျှကို ထောက်ပံကြလားလို့ ဒေါ်အောင်ဆန်းစုကြည်က မေးလိုက်တာပါ။ ကျောင်းသားတွေက သူတို့လိုအပ်တာမှန်သမျှရပါတယ်လို့ ပြန်ဖြေတဲ့အခါမှာ သူက အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ကျမတို့အတွက် ဒီလိုရဖို့ဆိုတာ အလွန်အလွန်ခက်ခဲပါတယ်။ ကလေးတွေအတွက် စာအုပ်တွေကို အလုံအလောက်ထောက်ပံဖို့ ကျမတို့နိုင်ငံမှာ အခက်အခဲတွေအများကြီးရှိနေတာပါ။ လိုအပ်တဲ့ ဖတ်စာအုပ်တွေသာမက ဗလာစာအုပ်တွေကို ကလေးအားလုံးအတွက် အလုံအလောက် မပေး နိုင်ပါဘူး။ ပညာရေး ကိုထောက်ပံဖို့ ပိုက်ဆံရှာနိုင်ဖို့ ကျမတို့အတွက် စိန်ခေါ်မှုဖြစ်နေတာပါ။ ခဲတံကိုတောင်မှာ ကလေးအားလုံးကို ကျမတို့ မပေးနိုင်သေးပါဘူး။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်ရွယ်စဉ်အချိန်က ပညာသင်ကြားခဲ့ တဲ့အတွေ့အ ကြုံကိုလည်း ကျောင်းသူကျောင်းသားတွေကို ပြောပြခဲ့ပါတယ်။

အမေရိကန်နဲ့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေအတွက် ပညာတော်သင်အပြန် အလှန်ပို့တဲ့အစီအစဉ်ကိုလည်း သူ့အနေနဲ့အကောင်အထည်ဖေါ်ဖို့ရှိကြောင်းလည်း ပြောကြားသွားပါတယ်။

ကျောင်းသူကျောင်းသားတွေကလည်း ကမ္ဘာနာမည်ကျော်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး အပြန်အလှန် စကားပြောဆိုခွင့်ရတဲ့အတွက် သူတို့အနေနဲ့ ဂုဏ်ယူဝမ်းသာမိကြောင်း တုန်ပြန်ပြောဆိုခဲ့ကြပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG