သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခရီးစဉ်အတွင်း ကန် ပိတ်ဆို့မှု ရုပ်သိမ်းပေးမည့်အလားအလာ လူ့အခွင့်အရေး ၃၅ ဖွဲ့ကန့်ကွက်


၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတအိုဘားမား Oval Office တွင်တွေ့ဆုံစဉ်
၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတအိုဘားမား Oval Office တွင်တွေ့ဆုံစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံကို ရောက်လာတဲ့အချိန်မယ့် အချိန်မှာပဲ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် တခြား အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်စရာ ကျန်နေသေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ပြန်မရုပ်သိမ်းသေးဖို့ မြန်မာနိုင်ငံအရေး ဆောင်ရွက်သူတွေနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး အမေရိကန်သမ္မတ Barack Obama ထံ အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်တဲ့အချိန်မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးရေးကိစ္စအပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကလာမှာ စီးပွားရေးဖွံ့ဖြိုးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းရေးတို့အတွက် အကူအညီပေးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရ အရာရှိတွေက အစောပိုင်းမှာ ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရနဲ့ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲက အရေးအကြီးဆုံး ကိစ္စရပ်တခုဖြစ်တဲ့ ပိတ်ဆို့အရေးယူထားမှုတွေ ပြန်လည် ရုပ်သိမ်းပေးရေးကိစ္စအတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲကလည်း သမ္မတ Obama အစိုးရအနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ မရုပ်သိမ်းသေးဖို့ စက်တင်ဘာလ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။

တနင်္လနေ့မှာတော့ မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တခြား နိုင်ငံတကာက လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့ကလည်း မြန်မာနိုင်ငံအတွင်း စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်တာတွေ ရှိနေသေးတာနဲ့ တခြား ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်စရာတွေ ကျန်နေသေးတဲ့အပြင် အမေရိကန် အစိုးရက အခု ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေဟာ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ၊ စစ်တပ်အသိုင်းဝိုင်းနဲ့ ဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေအပေါ်မှာပဲ ပစ်မှတ်ထား ချမှတ်ထားတာကြောင့် ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးလိုက်ရင် အဲဒီလူတွေအတွက်ပဲ အကျိုးအမြတ် ဖြစ်စေမှာ ဖြစ်တဲ့အတွက် ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိဖို့ သမ္မတ Obama ထံ စက်တင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ကြောင်း US Campaign for Burma - အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့က ယာယီ အမှုဆောင်ညွန်ကြားရေးမှူး Myra Dahgaypaw က ပြောပါတယ်။

“ဒေါ်စုလာတဲ့အချိန်ဆိုရင် သူတို့တိုင်ပင်စရာတွေတော့ အများကြီးရှိတာပေါ့နော်။ အဲဒီတိုင်ပင်စရာအများကြီးထဲမှာ အခုကျန်နေသေးတဲ့ Sanction တွေက ဘာပဲဖြစ်ဖြစ် ဒေါ်စုကတော့ လွတ်ပေးဖို့တော့ သူတောင်းမှာပဲ။ သူတောင်းတယ်ဆိုရင် အမေရိကန်အစိုးရကလည်းပေးမှာပဲ။ သူအဲဒီလိုမျိုး ပေးမယ်ဆိုရင် ကျမတို့ ပြည်သူလူထုတွေအတွက်ရော၊ အများဆုံးအနစ်နာခံနေတဲ့လူတွေအတွက် ဘယ်လိုမျိုးအကျိုးရှိမလဲ၊ ဘယ်လိုမျိုး ပိုပြီးတော့ ထိခိုက်နစ်နာမှုရှိမလဲ ။ အခုကျန်နေသေးတဲ့ Sanction တွေက ဘာကြောင့် လိုအပ်သေးသလဲဆိုတော့ ကျမတို့ နိုင်ငံက အပြောင်းအလဲ မရှိတာတော့ မဟုတ်ဘူး၊ တချို့တဝက်တော့ ရှိတယ် ဒါပေမယ့် အနည်းဘက်မှာပဲ ဖြစ်တယ်။ ကျမတို့ တိုင်းရင်းသား နေရာဒေသမှာဆိုရင် တိုက်ပွဲတွေဖြစ်နေတုန်းပဲ၊ မြေတွေသိမ်းခံရတယ်၊ အမျိုးသမီးတွေလည်း မုဒိမ်းကျင့်ခံရသေးတယ်၊ အဲဒီအတွက်ကြောင့် အခု ပိတ်ဆို့ရေးလုပ်တဲ့အပေါ်မှာကလည်း လူတိုင်းကိုလုပ်တာမဟုတ်ပဲနဲ့ စစ်တပ်တွေ၊ စစ်အစိုးရတွေ ၊ ပြီးတော့ သူတို့ ခရိုနီတွေပေါ့နော် ။ အဲဒီအတွက်ကြောင့် ဒီလူတွေအပေါ်မှာ အဲလိုမျိုးအလွယ်တကူ စီးပွားရေးတွေဘာတွေ ပေးလိုက်မယ်ဆိုရင် သူတို့ အတွက်ပဲ အကျိုးရှိပြီးတော့ ၊ ကျမတို့ခံရတဲ့လူတွေအတွက် ဘာမှကောင်းကျိုးမရှိဘူး။ အဲဒီအတွက်ကြောင့် ဒီပိတ်ဆို့ရေးကို သုံးပြီးမှ သူတို့လည်း ပေးရမယ်၊ သူတို့လိုချင်တာကိုလည်း ဒီဘက်ကလည်းပေးနိုင်မယ့်အနေအထား အဲလိုမျိုး အပေးအယူလိုမျိုး လုပ်ရင်ပိုမကောင်းဘူးလား အဲဒီလိုမျိုးပါ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံပြီး အမေရိကန်နိုင်ငံကို ခရီးဆက်လာမှာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံကို ဒေသစံတော်ချိန် အင်္ဂါနေ့ နှောင်းပိုင်းမှာ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ သမ္မတ Barack Obama နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး ဒုသမ္မတ Joe Biden ၊ နိုင်ငံခြားရေးဝန်ကြီး John Kerry တို့အပြင် တခြား အစိုးရ အရာရှိတွေ၊ ထိပ်တန်း လွှတ်တော်အမတ်တွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ US Chamber of Commerce နဲ့ US – ASEAN Business Council တို့က ပူးတွဲပြီး အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီအကြီးအကဲတွေနဲ့ တွေ့ဆုံပေးတဲ့ ဧည့်ခံပွဲတခု ပြုလုပ်ပေးသွားဖို့ စီစဉ်ထားကြောင်း US – ASEAN Business Council က တွဲဘက် မန်နေဂျာ ကိုလှဖုန်းမြင့်က ပြောပါတယ်။

“US – ASEAN Business Council က မြန်မာနဲ့ အမေရိကန်ရဲ့ ၂ နိုင်ငံ ချစ်ကြည်ရေးရယ် ပြီးတော့ ၂ နိုင်ငံ ရင်းနှီးမြုပ်နှံမှု ပိုမိုမြင့်တက်ရေးအတွက် ၂၀၁၂ ကတည်းက ကြိုးစားပြီးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ပြီးတော့ အခုလိုမျိုးအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို ပထမဦးဆုံးပေါ့နော် နိုင်ငံခေါင်းဆောင်အနေနဲ့လာရောက်ပြီးတော့ အလည်အပတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က dinner ဧည့်ခံပွဲနဲ့ ဂုဏ်ပြုရတာကို ကျနော်တို့ အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန် ဒီစီမြို့ကနေမှ နယူးယောက်မြို့ကို ခရီးဆက်ပြီး ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG