သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ်အတွင်း လူ့အခွင့်အရေး ထည့်သွင်းဆွေးနွေးဖို့ HRW တိုက်တွန်း


နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံစဉ် (ဧပြီလ ၅ ရက် ၂၀၁၆)
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံစဉ် (ဧပြီလ ၅ ရက် ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတင်ထွက်ခွာမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ကိစ္စရပ်တွေအပါအဝင် စီးပွားရေး ဖွံဖြိုးမှုစီမံကိန်းတွေ၊ ငြိမ်းချမ်းရေးနဲ့မြန်မာပြည်သူအများ ဆန့်ကျင်တဲ့ မြစ်ဆုံ ဆည် စီမံကိန်း စသဖြင့်တို့ကိုဆွေးနွေးဖို့ ရှိနေပါတယ်။ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးကတော့ တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားဒုက္ခသည်တွေအရေးကိစ္စနဲ့ အကျဉ်းကျနေတဲ့ တရုတ်နိုဘယ်လ် ငြိမ်းချမ်း ရေးဆုရှင် Liu Xiaobo လွှတ်ပေးရေးတို့ကို တ ရုတ်ခေါင်းဆောင်တွေ နဲ့ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ်ကိုဆက်ပြီး ပြောပြမှာပါ။

၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရပြီးနောက် အာဏာရအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးအကြိမ် တရုတ်နိုင်ငံ ဧည့်သည်တော်အဖြစ် သွားရောက် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကိုမြန်မာပြည်သူတွေသာမက အရှေ့တောင် အာရှဒေသတခုလုံးက အာရုံစိုက်စောင့်ကြည့်နေတာပါ။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ သုံးသပ် ချက်၊ မျှော်လင့်ချက် အမျိုးမျိုးထွက်လာချိန်မှာ နိုင်ငံတကာလူ့ အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်တဲ့ HRW ကတော့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တရုတ်အစိုးရထိပ်ပေါင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ဒုက္ခသည်အရေးနဲ့ တရုတ်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး ထည့်သွင်းဆွေးနွေးဖို့ HRW အာရှရေးရာတာဝန်ခံ Brad Adams ကအခုလို တိုက်တွန်းခဲ့ပါတယ်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံနယ်စပ်ဘက် မှာရှိနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေက ဒုက္ခသည်ပေါင်း နှစ်သောင်းကျော်အပါအဝင် ကချင်ပြည်နယ် ဘက်အခြမ်းမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ အတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီတွေရောက်ရှိရေး တရုတ်အစိုးရဘက်က ခွင့်ပြုပေး ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးပေးစေလိုပါတယ်။”

ဒါအပြင် တရုတ်နိုင်ငံမှာ မတရားအကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Liu Xiaobo အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူတွေ လွတ်မြောက်ရေး မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တရုတ်ခေါင်းဆောင်တွေကို ခရီးစဉ်အတွင်း တိုက်တွန်းသင့်ကြောင်း Brad Adams ကဆိုပါတယ်။ဒီအတောအတွင်း မြန်မာနိုင်ငံခေါင်းဆောင်တဦးအနေနဲ့ သွားမယ့် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ တရုတ်ခရီးစဉ်မှာ မြန်မာပြည်သူအများ ဆန့်ကျင်တဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို တရုတ်နဲ့ အကျေအလည် ဆွေးနွေး အဖြေရှာ နိုင်မယ်လို့လည်း အများကမျှော်လင့်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နည်းလမ်းလေးခု ရှိနေကြောင်း၊ ပထမတခုကတော့ မြစ်ဆုံဆည် အပြီး တိုင်ဖျက်သိမ်းဖို့၊ ဒုတိယက မြစ်ဆုံဆည်ကို ဆက်ပြီးလုပ်ဖို့၊ တတိယကတော့ မြစ်ဆုံဆည်ကို ဖျက်သိမ်းပြီး တရုတ်ကို လျော်ကြေးပြန်ပေးဖို့၊ အရစ်ကျပြန်ဆပ်ဖို့ဆိုရင်လည်း ဒေါ်လာသန်းနဲ့ချီရှိတဲ့ အတိုးတွေကိုပါ ပေးဆပ်ဖို့ နဲ့ စတုတ္ထကတော့ မြစ်ဆုံဆည်ကို အပြီးရပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်း အခြားနေရာတွေမှာ ရေကာတာ၊ ဆည်မြောင်းတာတမံ စတဲ့ တရုတ်ရင်းနှီးမြှုပ်နံှမှုတွေကို ခွင့်ပြုဖို့ ဆိုတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းရဲ့ အမြင်က-

“မြစ်ဆုံဆည်ကိစ္စဟာ မြန်မာပြည်သူလူထုနဲ့ လုံးဝမကိုက်ညီပဲနဲ့ ဦးပိုင်နဲ့ အရင်စစ်အာဏာရှင်တွေ လုပ်ခဲ့တဲ့ကိစ္စတွေဖြစ်ပါတယ်။ အဲဒါကို ဖျက်သိမ်းမယ်ဆိုလို့ရှိရင် အဲဒီစစ်ဗိုလ်တွေလုပ်ခဲ့တာကို တိုင်းပြည်က စိုက်လျောရတဲ့အခြေအနေရောက်တော့မယ့် အခြေအနေပါ။ ဒါဟာ အင်မတန်သိမ်မွေ့တဲ့ ကိစ္စဖြစ်ပါတယ်။ တရုတ်ပြည်ကလည်း သူတို့ဘက်က အများကြီးကို ပိုက်ဆံတွေကုန်ထားတဲ့အရာဖြစ်နေတော့ ဒီဟာကို သူတို့ဘက်က လျော့မယ့်ပုံမရှိပါဘူး။ အထူးသဖြင့် စီးပွားရေးအရ၊ အခြားဟာတွေ လျော့တာရှိချင်ရှိမယ်။ အဲတော့ ဒီဘက်မှာ မြစ်ဆုံကိုခွင့်မပြုပဲနဲ့ အခြားအသေးတွေ ခွင့်ပြုမယ်ဆိုတာက ကျနော် ဒီဘက်မှာနေတဲ့သူပဲ၊ ကျနော်သိသလောက်တော့ အခြားဟာတွေ အများကြီး တရုတ်ပြည်ဘက်က လုပ်နေပြီပဲ၊ ရေအားလျှပ်စစ်အသေးလေးတွေ၊ မြစ်ဆုံဖျက်ပြီး ကျန်တာအသေးလေးတွေလုပ်မယ်ဆိုတာက လူထုကို လှည့်စားတာ မဖြစ်ပါစေနဲ့လို့ ကျနော်မျှော်လင့်ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကနေထွက်လာမယ့် ရလာဒ်နဲ့ ပတ်သက်လို့လည်းအခုလိုပြောပါတယ်။

“တရုတ်ပြည်ကလည်း ဗမာပြည်ဘက်က ဖြတ်သွားမယ့် သူတို့ရဲ့ နည်းဗျူဟာမြောက် စီးပွားရေးစီမံကိန်းကြီး အဲဒီအတွက် လုံပမ်းနေတဲ့အချိန်၊ အနောက်နိုင်ငံတွေကလည်း တည့်တည့်ပြောရလို့ရှိရင် ဗမာပြည်ကို တရုတ်ပြည်နဲ့ ကင်းကွာနိုင်သမျှ ကင်းကွာအောင်ကြိုးပမ်းနေတဲ့အချိန်၊ အဲဒီလို တိုက်ဆိုင်မှုဖြစ်နေတဲ့အချိန်၊ အရှေ့အနောက်ကနေပြီးတော့ ဗမာပြည်ကို ထိုးဝင်နေတဲ့အချိန်မှာ ထွက်ခွာလာတဲ့ခရီးဖြစ်ပါတယ်။ အဲဒီခရီးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗမာပြည်သားတွေအတွက် ဘယ်လောက်ထိလုပ်ပေးနိုင်မလဲ၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေအပြင် ငြိမ်းချမ်းရေးဆိုတဲ့ အခြားနိုင်ငံတွေမှာ သာမန်လူတိုင်းခံစားနေကြရတဲ့ ငြိမ်းချမ်းရေးအရသာလည်း ခံစားချင်ကြတယ်။ ဒါတွေအားလုံး ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးအပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ထင်ပါတယ်။”

သြဂုတ်လ (၁၇)ရက်ကနေ (၂၁)ရက်နေ့အထိ သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping၊ ဝန်ကြီးချုပ် Li Keqiang အပါအဝင် တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေအပေါ် သဘောထားအမြင်တွေဖလှယ်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang ကပြောပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပေကျင်းမြို့တော်အပြင် သမ္မတ Xi Jinping ရဲ့ မွေးရပ်မြို့အပါအဝင် အခြားမြို့တွေကိုလည် သွားရောက်လည်ပတ်မှာဖြစ်ပါ တယ်။

XS
SM
MD
LG