သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အမေရိကန်ခရီးစဉ်နဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး အလားအလာ


သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ASEAN-US Summit တွင်တွေ့ဆုံစဉ်
သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ASEAN-US Summit တွင်တွေ့ဆုံစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီသီတင်းပတ် အမေရိကန် ခရီးစဉ်နဲ့အတူ တချိန်က စစ်အစိုးရတွေ လက်ထက်က ချမှတ်ထားခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ သဘောထား အမြင်တွေလည်း တကျော့ပြန် ထွက်ပေါ်လာနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်မှုတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အဟန့်အတား ဖြစ်နေရတယ်လို့ မြင်သူတွေရှိသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေမခိုင်သေးတဲ့အတွက် ဆက်ထားသင့်တယ်လို့ ယူဆသူတွေလည်း ရှိနေကြတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက မကြာသေးခင်နှစ်တွေကစလို့ ပိတ်ဆို့အရေးယူမှု အများစုကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ပေမဲ့ ဒဏ်ခတ်မှုတချို့ ကျန်နေဆဲ ဖြစ်ပါတယ်။ သမ္မတ ဘရက်ခ်အိုဘားမား အစိုးရက ၂၀၁၂ ခုနှစ်ကစလို့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာပေမဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဆက်လက်ကန့်သတ်မှုတွေ၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်တာတွေ၊ ကျောက်မျက်လုပ်ငန်းက ထုတ်ကုန်တွေ တင်သွင်းခွင့်မပြုတာတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်တာတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ Bertil Lintner ကတော့ မြန်မာ့နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနေဆဲဖြစ်တဲ့ စစ်တပ်ကို ဖိအားပေးနိုင်ဖို့၊ အထူးသဖြင့် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတာတွေ အဆုံးမသတ်မချင်း ပစ်မှတ်ထား အရေးယူမှုတွေကို ဆက်ထားသင့်တယ်လို့ မြင်ပါတယ်။

“ဒဏ်ခတ်မှုတွေကိုသာ ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင်၊ သူတို့လိုချင်တာအားလုံး ရသွားပါလိမ့်မယ်။ အခွင့်အရေးရစရာ မရှိတဲ့အတွက် နောက်ထပ် ဘာမှ အပြောင်းအလဲတွေ မလုပ်တော့ဘဲ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ လက်ရှိဥပဒေတွေအတိုင်း ဆက်သွားနေပါလိမ့်မယ်။ အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်နဲ့သာ ရှိနေတယ် ဆိုတာကိုလည်း သဘောပေါက်ရပါလိမ့်မယ်။ အရေးကြီတဲ့ ဝန်ကြီးဌာန ၃ ခုကိုလည်း စစ်တပ်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အခြေခံဥပဒေဟာလည်း စစ်တပ်က သဘောမတူဘဲ ပြင်လို့မရပါဘူး။ ဒါကြောင့်လည်း ဒီမိုကရေစီ ရနေပြီလို့ ပြောလို့မဖြစ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖြစ်ဖို့လည်း အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။”

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံရေးအရ ဖိအားတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း၊ စီးပွားရေးလို တိုင်းပြည်ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်နေတာတွေ ရှိတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ အထူးသဖြင့်ကတော့ အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးအခွင့်အလန်းတွေ ပေါ်ပေါက်လာပေမဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းတွေအနေနဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ကန့်သတ်မှုတွေကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့လည်း မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ်လုပ်ငန်းဖြစ်တဲ့ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် ကပြောပါတယ်။

“Sanction ကသူက ဥပဒေက ရှိနေတာကို သူကတော့ ကြားမှာတော့ Sanction ကိုဖြေလျော့ပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် အဓိက ကအရေးကြီးတာက ဥပဒေက ရှိနေတာကို၊ ဥပဒေက ရှိနေတော့ ဥပမာ-Sanction လုပ်ပြီးသားဆိုရင်လည်း ပြန်ထည့်လို့ရတာကို အဲဒါလေးတွေကို အကြောင်းပြုပြီးတော့မှ အဓိက အမေရိကန်စီးပွားရေးတို့၊ အဓိကအားဖြင့်တော့ ဘဏ်ပေါ့နော်။ အမေရိကန်ဘဏ်တွေက ဝင်မလာသေးဘူး ဖြစ်နေတာ၊ အမေရိကန်ဘဏ်တွေမဝင်လာသေးတော့ ဥရောပဘဏ်တွေလည်း မဝင်ရဲဘူး။ ဆိုတော့ ဘဏ်တွေမဝင်လာသေးတဲ့ ကာလက စီးပွားရေးလုပ်ငန်းကြီးတွေလည်း လာမှာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းကြီးတွေက FDI နဲ့မဝင်လာဘူးဆိုရင် တိုင်းပြည်အတွက်ကတော့ အလားအလာသိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။”

အာရှဒေသနဲ့ သြဇာချိန်ခွင်လျှာညှိမယ်လို့ ကြေညာထားတဲ့ သမ္မတ အိုဘားမား အစိုးရဟာ အရှေ့တောင်အာရှ ဒေသမှာ တချိန်က ရန်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးနဲ့တောင် ဆက်ဆံရေးတွေ ပုံမှန်ဖြစ်ဖို့ မကြာသေးခင်က ကြိုးပမ်းလာတာတွေကို ကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံကိုလည်း ပထဝီဝင်နိုင်ငံရေး လိုအပ်ချက်အရ ပိုမိုရင်းရင်းနှီးနှီး ဆက်ဆံလာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်ကတော့ စစ်အစိုးရတွေ လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာနိုင်ငံအပေါ် သြဇာညောင်းခဲ့သလို၊ အခုအခါ ဒေသတွင်းမှာ သြဇာအရှိန်အဝါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ထိန်းနိုင်ဖို့ မြန်မာနိုင်ငံနဲ့ နီးစပ်အောင် ကြိုးပမ်းနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာ Bertil Lintner ကမြင်ပါတယ်။

“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကြား တည်ရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို အသုံးချလိမ့်မယ်လို့၊ ၁၉၈၅ ခုနှစ်လောက်ကတည်းက ခန့်မှန်းခဲ့ကြတာတွေဟာ အခုအချိန်မှာ လက်တွေ့ဖြစ်လာနေပါပြီ။”

အမေရိကန် ခရီးစဉ်အတွင်းမှာတော့ သမ္မတ အိုဘားမားက ဝါရှင်တန်၊ အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမှာ ဖြစ်သလို၊ ဒုသမ္မတ ဂျိုးဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး John Kerry တို့နဲ့ပါ တွေ့ဆုံမှာဖြစ်ပြီး၊ ဒီနောက်မှာတော့ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း မိန့်ခွန်းပြောကြားမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG