သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ချင်းပြည်နယ်ခရီးစဉ် စတင်


ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ်ထွက်ခွာရန် ရန်ကုန် ပြည်တွင်းလေဆိပ်သို့ ရောက်ရှိစဉ်။ (ဇန်နဝါရီ ၆၊ ၂၀၁၄)
ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ်ထွက်ခွာရန် ရန်ကုန် ပြည်တွင်းလေဆိပ်သို့ ရောက်ရှိစဉ်။ (ဇန်နဝါရီ ၆၊ ၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံချက်ရဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ပဲ ချင်းပြည်နယ် ခရီးစဉ် စတင်လိုက်ပါတယ်။ ခြေထောက်ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း သွားရောက်မယ့် ၅ ရက်ကြာ ချင်းပြည်ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲက လူထုနဲ့ တွေ့ဆုံဟောပြောသွားမှာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။ အပြည်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခြေထောက် ဒဏ်ရာ ခွဲစိတ်မှုတွေအပြီး ရက် ၂၀ အကြာမှာ ချင်းပြည်နယ်ခရီးစဉ်ကို ဒီကနေ့ မနက်မှာပဲ ရန်ကုန်မြို့က နေထွက်ခွာခဲ့တာပါ။ နေ့လည် ၂ နာရီ ၅၀ မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ကို ရောက်ရှိခဲ့ပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ ညမှာ ကလေးမြို့မှာပဲ ညအိပ်မှာဖြစ်တယ်လို့ တမူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ကလေးမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပုံနဲ့ မနက်ဖြန်မှာ ဘယ်တွေကို ခရီးဆက်မလဲဆိုတာကို ဦးမြင့်ဇော်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“၂ နာရီ၊ ၅၀ မှာ ကလေးလေယာဉ်ကွင်းကို ဆိုက်တယ်ဗျ။ လူဦးရေကတော့ (၆) သောင်း၊ (၇) သောင်းလောက်ကို ရှိတယ်ဗျာ။ တကယ် လှိုက်လှိုက်လှဲလှဲကို ကြိုဆိုကြတယ်။ ဒီနေ့ည ကလေးမှာအိပ်မယ်။ တည်းခိုခန်းမှာအိပ်တယ်။ (၇) ရက်နေ့ကျရင် မနက် (၈) နာရီမှာ တီးတိန်မြို့နယ်၊ ဂျွန်လွန်းဆန် ရွာဦး ကျောင်းကို သွားမယ်။ ကလေးကနေ တစ်နာရီလောက် သွားရတယ်။ အဲဒီမှာ ရန်ကုန်ကနေပါလာတဲ့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဒိကလည်း ပါလာတယ်ဗျ။ ကျပ်သိန်း (၅၀၀) မတည်ပြီး ဆောက်လုပ်လှူဒါန်းထားတဲ့ကျောင်း အဲဒီမှာရှိတယ်။ အရှင်ဆန္ဒာဒိကနဲ့ ဒေါ်စုနဲ့ သွားပြီးတော့မှ သူတို့ဖွင့်လှစ်ပွဲ လုပ်မယ်ဗျ။ မနက် (၉) နာရီမှာ ကလေးမြို့ကို ပြန်ရောက်မယ်။ အဲဒီနောက် တီးတိန်ကိုဆက်သွားမယ်၊ မနက်ဖြန်မှာပဲ တီးတိန်ကို ဒါရိုက်ဆက်သွားမယ်။ တီးတိန်ရောက်ရင် ညနေ (၄) နာရီမှာ လူထု ဟောပြောပွဲလုပ်မယ်။”

ချင်းပြည်နယ်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်နဲ့ ဦးဟံသာမြင့် တို့ လိုက်ပါခဲ့ကြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ခရီးစဉ်ဟာ ဇန်နဝါရီ ၆ ရက်က ၁၀ ရက်အထိ ဖြစ်ပြီးတော့ ခရီးစဉ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွေ ပြုလုပ်ဖို့နဲ့ အဖွဲ့ချုပ်က ဒေသခံတာဝန်ရှိသူတွေ၊ လူထု တွေ့ဆုံပွဲတွေ လုပ်ဖို့ ဖြစ်တယ်လို့လည်း ဦးမြင့်ဇော်က ပြောပါတယ်။

“(၈) ရက်နေ့မှာ ဖလမ်းမှာ လူထုဟောပြောပွဲတွေ ဆက်လုပ်မယ်၊ ဒါပြီးတော့ (၉) ရက်နေ့မှာ ဟားခါးမှာလုပ်မယ်။ (၉) ရက်နေ့ညနေမှာပဲ ကလေးမြို့ကို ပြန်လာမယ်။ ကလေးမှာ ညအိပ်မယ်။ (၁၀) ရက်နေ့ မနက် (၈) နာရီမှာ ကလေးမြို့၊ (၁၁) ရပ်ကွက် စတောင်ဘောလုံးကွင်းမှာ မနက် (၈) နာရီ လူထုဟောပြောပွဲလုပ်မယ်လို့ ကျနော်တို့ သိရတယ်။”

ဒီဇင်ဘာလတုန်းကတော့ သူမရဲ့ ခြေထောက်ဒဏ်ရာ ခွဲစိတ်မှုကြောင့် ချင်းပြည်နယ်ကို သွားရောက်မယ့် သူမရဲ့ခရီးစဉ် ဖျက်ဖို့အထိရှိခဲ့ပေမဲ့ ခြေထောက်ဒဏ်ရာဟာ အတော်လေး သက်သာလာတာကို တွေ့ရလို့ ခရီးသွားခွင့်ပေးခဲ့တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

“ခြေထောက်က တော်တော်လေးကောင်းပါတယ်။ လျှောက်တာ သိပ်များရင်တော့လည်း နည်းနည်းလေး ရောင်တာတော့ ရှိနိုင်တာပေါ့လေ။ အရိုးပါ ခွဲထားတာကိုး။ အရိုးတခုဆိုတာ အနည်းဆုံးတော့ တစ်လခွဲလောက် ကြတယ်လေ။ ကျက်ဖို့ဆိုတာက။ (၁၆) ရက်နေ့က ခွဲတယ်ဆိုတော့ ဒီကနေ့မှ ရက် ၂၀ ပဲ ရှိသေးတာကိုး။ Healing ပေါ့ အနာကျက်တာ အရမ်းမြန်တယ်လေ။ အရေပြားကျက်တာတို့၊ နောက် soft tissue ဆိုတာက ကြွက်သားတို့၊ အဆီကြိတ်တို့ အားလုံးခွဲထားတာ ကောင်းပါတယ်။ အဲဒါကြောင့် ကျနော်တို့ သွားဖို့ ခွင့်ပြုလိုက်တာလေ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇန်နဝါရီလ တတိယပတ်နဲ့ နောက်ဆုံး အပတ်အတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုထားတာပါ။

၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လူထုတွေ့ဆုံပွဲ လုပ်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ရှမ်းပြည်နယ် နမ့်စမ်၊ မိုးနဲနဲ့ လင်းခေးမြို့တွေကို ရောက်ရှိမှာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောဆိုထားပါတယ်ခင်ဗျာ။
XS
SM
MD
LG