သုံးရလွယ်ကူစေသည့် Link များ

တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဒေါ်စုဖိတ်ခေါ်


ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယလွှတ်တော်ရှေ့၌တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယလွှတ်တော်ရှေ့၌တွေ့ရစဉ်
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သတင်းတပတ်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း စွမ်းအင်နဲ့ ရင်းမြစ်ဆိုင်ရာ နည်းပညာသိပ္ပံ TERI ကိုရောက်ရှိစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လိုအပ်နေသေး တဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား သွားပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာရဲ့ စွမ်းအင်၊ ရင်းမြစ်၊ ကြွယ်ဝမှု ဆိုတဲ့ ထောင်ချောက်မှာ မလှုပ်သာ မယှက်သာ မိနေကြတဲ့ သယံဇာတ မက်မောကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုလည်း အထူး အလေးဂရုပြုဖို့လည်း လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမြို့တော် Gurgaon မြို့က စွမ်းအင်နဲ့ ရင်းမြစ်ဆိုင်ရာ နည်းပညာသိပ္ပံ TERI ကို ရောက်ရှိစဉ်မှာ သူမက အခုလို ပြောကြားလိုက်တာပါ။

“ဗမာပြည်ဟာ စွမ်းအင် အရင်းအမြစ်တွေ သိပ်ကို ကြွယ်ဝပါတယ်။ ဒီကြွယ်ဝမှုကြောင့်လည်း နိုင်ငံဟာ သိပ်ကို အန္တရာယ်ရှိနေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီ သယံဇာတ အရင်းအမြစ်တွေကို လိုချင်ကြသူတွေ နောက် နိုင်ငံတွင်းကို လာရောက်ချင်သူတွေ နဲ့ သူတို့ကိုယ်ကျိုးအတွက် သုံးစွဲချင်သူတွေ ထုနဲ့ဒေးနဲ့ ရှိနေတာကြောင့်ပါ။ ကျမတို့ နိုင်ငံ အတွက် ရင်းနှီးမြှုပ်နံှမှုတွေ လိုအပ်နေတယ်ဆိုတာကို နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကျမတို့ ကြိုဆိုပါတယ်။ ကျမတို့ အနေနဲ့ နိုင်ငံရဲ့ အနာဂတ် ကောင်းစေဖို့ အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ့် တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေတော့ ဖြစ်စေချင်ပါတယ်။”

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ ချည်မျှင်နဲ့ အထည်၊ သစ်တောထွက် ပစ္စည်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ၊ ကျောက်မျက်ရတနာ၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်မှုတွေလည်း ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်စေဖို့ ဝါး အခြေပြု ကုန်ထုတ်လုပ်ငန်း ကို ဒေသခံတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ ပေါင်းစပ်ပြီး ဖွံ့ဖြိုးစေချင်တယ်လို့လည်း သူမက ပြောပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေ အခြေချ နေထိုင်နေတဲ့ ဒေသတွေမှာ သဘာ၀ သယံဇာတတွေ ရှာဖွေရေး လုပ်ငန်းတွေမှာ အထူးအလေးထားသင့်တဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

“တိုင်းရင်းသား လူမျိုးစု ဒေသတွေက စွမ်းအင် အရင်းအမြစ်တွေကို လက်တွေ့ကျပြီး ထိရောက်တဲ့ စီမံခန့်ခွဲမှု လိုအပ်နေပါတယ်။ ဒေသရဲ့ စီးပွားရေး တွက်ချေကိုက်ဖို့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ဖြစ်ဖို့ အတွက်တင် မကပါဘူး။ ဒေသခံတွေ လက်ခံနိုင်တဲ့ မူဝါဒတွေ ချမှတ်ကျင့်သုံးဖို့ လည်း လိုပါတယ်။ ဒေသခံတွေ အနေနဲ့ သူတို့ရဲ့ အမွေအနှစ်တွေနဲ့ သဘာ၀ အရင်းအမြစ်တွေ ကုန်ဆုံးသွားပြီလို့ ခံစားကောင်း ခံစားနေကြမှာလည်းဖြစ်ပါတယ်။”

ပြည်သူတွေ စွမ်းဆောင်ရည်နဲ့ ဝင်ငွေ တိုးလာရင် နိုင်ငံဟာလည်း ပိုပြီး အားကောင်းလာစေ ပါလိမ့်မယ်လို့လည်း သူမက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ လွတ်မြောက်လာတယ်ဆိုပေမယ့် ဒီမိုကရေစီ ဆီကို ဦးတည်သွားရာ မှာတော့ နှေးကွေးနေပါသေးတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က နိုင်ငံမှာ အာဏာခွဲဝေကျင့်သုံးဖို့ လိုအပ်ပြီး ဒေသန္တရ အုပ်ချုပ်ရေးပိုင်းကို အာဏာ ခွဲဝေကျင့်သုံးဖို့ လိုအပ်တယ်လို့လည်း အလေးထား ပြောကြားသွားပါတယ်။

“ဒေသန္တရ အုပ်ချုပ်ရေး စနစ် အားကောင်းအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကို ရှေ့ရှု သွားနေပြီဆိုရင် ကျမတို့ အနေနဲ့ ဒါကို တည်ဆောက်ဖို့ လိုပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖြစ်စဉ်ဆီကို ဦးတည်နေပြီ ဆိုပေမယ့်လည်း ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ သိပ်ကို အသားကျနေပါတယ်။ အာဏာရှင် စနစ်နဲ့ နှစ်ပေါင်း ၅၀ - ၆၀ လောက် နေခဲ့ရတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲ သွားမယ်လို့ ယူဆလို့ မရနိုင်ပါဘူး။

အာဏာ ခွဲဝေကျင့်သုံးဖို့ အတွက်က သိပ်ကို ခက်ခဲနေပြီး ဗဟိုက ဒါကို မလုပ်ချင်ပါဘူး။ ဒီလို လုပ်လိုက်မယ်ဆိုရင် အားလုံး ပြိုလဲသွားလိမ့်မယ်လို့ သူတို့က ယူဆနေကြပါတယ်။ ဒေသန္တရ အဆင့်ကလည်း ဗဟိုနဲ့ ပြသနာ ဖြစ်မှာ စိုးတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့ မဝံ့မရဲ ဖြစ်နေကြ တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံကို သတင်းတပတ်ကြာ ခရီးရောက်ရှိနေတဲ့ အတောအတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်း၊ အာဏာရ ကွန်ဂရက်စ် ပါတီရဲ့ အကြီးအကဲ ဆိုနီယာဂန္ဒီနဲ့လည်း တွေ့ဆုံပြီး ဖြစ်ပါတယ်။ ဗုဒ္ဒဟူးနေ့တုန်းက ဂျဝါဟာလာ နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလော ပြည်နယ်က အိန္ဒိယ သိပ္ပံ ဌာနနဲ့ အိုင်တီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Infosys Campus ကိုလည်း သွားဖို့ ရှိပါတယ်။
XS
SM
MD
LG