သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးညီလာခံ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် တက်မည်


asean summit
asean summit

ဖိလစ်ပိုင်နိုင်ငံမှာ ဧပြီလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပမယ့် အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက တနင်္လာနေ့မှာ ကြေညာပါတယ်။ အခုချိန်မှာတော့ ဒီ ထိပ်သီးစည်းဝေးပွဲအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် တခြား လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ ထိပ်သီး ညီလာခံဖြစ်မြောက်ရေးကော်မီတီ အကြီးအကဲ Marciano Paynor က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ တခြား သက်ဆိုင်ရာ စည်းဝေးပွဲတွေကို တက်ရောက်မှာဖြစ်ကြောင်း ထိပ်သီးစည်းဝေးပွဲ ကျင်းပရေးကော်မီအကြီးအကဲ Marciano Paynor က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ဒီထိပ်သီးစည်းဝေးပွဲကို အာဆီယံ ၈ နိုင်ငံက နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ သမ္မတ ဦးထင်ကျော်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း Paynor က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် ဝန်ကြီးရာထူးထက်လဲ အဆင့်မြင့်ပြီး၊ နိုင်ငံအတော် အကြီးအကဲလည်း မဟုတ်ပေမယ့် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ သူ့ကို အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံ ခေါင်းဆောင်အဖြစ် ဒီညီလာခံမှာ တိုးမြင့် သတ်မှတ်ပေးထားတယ်လို့လည်း Paynor က ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အသစ် ဦးဝင်းနိုင်ရဲ့ ခန့်အပ်လွှာကို လက်ခံရာမှာ သမ္မတ Rodrigo Duterte က ချစ်ခင် ရင်းနှီးတဲ့ နှစ်နိုင်ငံဖြစ်တဲ့အတိုင်း လာမယ့် အာဆီယံ ထိပ်သီးညီလာခံမှာ သဘောတူညီမယ့် အချက်အလက်တွေ အများကြီး ရှိမှာဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“အခုချိန်မှာတော့ ဖိလစ်ပိုင်အစိုးရဟာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် တခြား လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်တွေကို လုပ်ဆောင်နေတယ်”လို့ Marciano Paynor က ပြောပါတယ်။

“အခုချိန်မှာတော့ ကျနော်တို့ဟာ အစည်းဝေး နံပတ်စဉ် (၅၆) အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီစည်းဝေးပွဲဟာ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ တခြား သက်ဆိုင်တဲ့ စည်ဝေးပွဲတွေက တခုအပါအဝင် ဖြစ်ပါတယ်။ စည်းဝေးပွဲတွေကို ဧပြီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။”

ဒီ အာဆီယံ ထိပ်သီး ညီလာခံအတွင်း ထိပ်သီးစည်းဝေးပွဲ ၂ ခု၊ ဝန်ကြီးအဆင့် အစည်းဝေးပွဲပေါင်း ၁၇ ခုအပါအဝင် အစည်းဝေး စုစုပေါင်း ၁၃၇ ခု ကျင်းပသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြေရှိတဲ့ အာဆီယံ ခေါင်းဆောင်များ ညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွေကတော့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။

“ကဏ္ဍစုံ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ စည်းဝေးပွဲ၊ ၁၄ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ ညီလာခံ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ၊ ၁၅ ကြိမ်မြောက် အာဆီယံ နိုင်ငံရေးဆိုင်ရာ လုံခြုံရေးကောင်စီ စည်းဝေးပွဲနဲ့ ၁၉ ကြိမ်မြောက် ပူးပေါင်းဆောင်ရေးကောင်စီ စည်းဝေးပွဲတွေ အားလုံးကို ဧပြီလ ၂၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီး စည်းဝေးပွဲကိုတော့ အာဆီယအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမှာ ဖြစ်ပါတယ်။”

အခုနှစ် အာဆီယံ ထိပ်သီးစည်းဝေးပွဲရဲ့ ခေါင်းစဉ်ကတော့ - Partnering for Change, Engaging the World - ပြောင်းလဲမှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံခြင်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်က အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကာလအတွင်း ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာ ၆ ခုကိုတော့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီ ပြောခွင့်ရ Robespierre Bolivar က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကာလအတွင်း ဆွေးနွေးကြမယ့် အကြောင်းအရာ ၆ ခု ရှိပါတယ်။ အဲဒါတွေကတော့ လူထုကို အခြေပြုတဲ့ အာဆီယံ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု တည်ရှိရေး၊ ရေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးပါဝင်တဲ့ တီထွင် ကြံဆမှုအပေါ် အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အာဆီယံရဲ့ ခံနိုင်ရည်ရှိမှုကို မြင့်တင်ပေးရေးနဲ့ အာဆီယံအနေနဲ့ ဒေသတွင်း အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ရေးဆိုတဲ့ စံပြအဖြစ် ရပ်တည်ရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ ပြောင်းလဲမှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စတင်ခဲ့တဲ့ အာဆီယံ လူမှုအသိုင်းအဝိုင်းရဲ့ အောင်မြင်မှုတွေကတဆင့် ထပ်ဆင့် အောင်မြင်မှုတွေ ရရှိနိုင်အောင် ကျနော်တို့အနေနဲ့ ကြိုးပမ်း ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။”

ဒီ အာဆီယံ ထိပ်သီးညီလာခံအတွင်း တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စနဲ့ Code of Conduct လို့ခေါ်တဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိပ်သီး စည်းဝေးပွဲအတွက် ရောက်လာကြတဲ့ ခေါင်းဆောင်တွေထဲက အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတွေက အကြီးအကဲတွေကလွဲလို့ သမ္မတ Duterte အနေနဲ့ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ထိပ်သီး စည်းဝေးပွဲ ကာလအတွင်း အားလပ်တဲ့ အချိန်တွေမှာ သမ္မတ Duterte နဲ့ တခြား ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံဖို့ အလားအလာ ရှိတယ်လို့ ထိပ်သီးစည်းဝေးပွဲ ကျင်းပရေးကော်မီအကြီးအကဲ Marciano Paynor က ပြောပါတယ်။

ထိပ်သီးစည်းဝေးပွဲ တရားဝင် ကျင်းပမယ့် ရက်တွေအဖြစ် ဧပြီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိလို့ ကြေညာထားပေမယ့်လည်း ၃၀ ရက်နေ့မှာ Retreat နဲ့ ပိတ်ပွဲအခမ်းအနားအဖြစ် ညစာစားပွဲ ကျင်းပသွားမှာ ဖြစ်တဲ့အပြင် သဘောတူညီချက်တွေ လက်မှတ်ထိုးပွဲကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG