သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဧကရာဇ် နန်းတက်ပွဲ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်


၂၀၁၃ ဧပြီတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို လာရောက်စဉ်
၂၀၁၃ ဧပြီတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို လာရောက်စဉ်

အောက်တိုဘာလ ၂၂ ရက်နေ့မှာလုပ်မယ့် ဂျပန်ဧကရာဇ် Naruhito နန်းတက်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်ဆိုတာ ဂျပန် NHK ရုပ်သံသတင်းဌာနရဲ့ အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံ ၂၀၀ လောက်က အထူးဧည့်သည်တော်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို နန်းတက်ပွဲ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားပြီး အဲဒီထဲမှာ နိုင်ငံ ၅၀ လောက်က အထူးဧည့်သည်တော်တွေနဲ့ ဝန်ကြီးချုပ် Shinzo Abe တွေ့ဆုံဖို့ စီစဉ်ထား တယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဌာနကို ကိုးကားပြီး NHK က နာမည်နဲ့တကွဖော်ပြထားတဲ့ တက်ရောက်မယ့် သူတွေထဲမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ဗြိတိန် အိမ်ရှေ့မင်းသား Charles နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် Wang Qishan တို့ပါဝင်ပါတယ်။ တောင်ကိုရီးယား သမ္မတ Moon Jae-in အခမ်းအနားတက်ရောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပြီး သူ့ကိုယ်စား ဝန်ကြီးချုပ် Lee Nak-yon တက်ရောက်ဖွယ်ရှိပြီးတော့ ဝန်ကြီးချုပ် Abe နဲ့ ခဏတာ တွေ့ဆုံဖွယ်ရှိတယ်လို့ NHK ကရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တကယ်တမ်း ဂျပန်ဧကရာဇ်ဘုရင် နန်းတက်ပွဲကို သွားရောက်မယ်ဆိုရင် ဒါဟာ သူ့ရဲ့ ၄ ကြိမ်မြောက် ဂျပန်နိုင်ငံခရီးစဉ် ဖြစ်ပါလိမ့်မယ်။

၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာ ပြီးတဲ့နောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဂျပန် ဒုတိယခရီးစဉ် သွားခဲ့ပါတယ်။ နောက်ဆုံး သွားခဲ့တာကတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တောက်လျှောက်တည်ဆောက်လာခဲ့တဲ့ နိုင်ငံတခုဖြစ်သလို အခုဆိုရင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာရော၊ အကူအညီပေးမှုအပိုင်းမှာပါ မြန်မာနိုင်ငံအတွက် အရေးပါတဲ့နိုင်ငံတခု ဖြစ်လာနေပါတယ်။

...................









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG