သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီး မျှော်လင့်ချက်


၂၀၁၂ ဖေဖော်ဝါရီတုန်းက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို သွားရောက်စဉ်
၂၀၁၂ ဖေဖော်ဝါရီတုန်းက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို သွားရောက်စဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့နဲ့ ကချင်တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့တို့အတွက် ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေကို နိုင်ငံတော်အစိုးရက အခုချိန်ထိ ကူညီ ပံ့ပိုးပေးတာ နဲနေတဲ့အတွက် ကူညီသင့်ကြောင်း ကချင်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။ ဒီခရီးစဉ်ဟာ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကချင်ပြည်ကို ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကချင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေကနေ နိုင်ငံတော်အစိုးရအတွက် ဘဏ္ဍာငွေတွေ ရှာပေးနေပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြတဲ့အပြင် အများအပြားလည်း ဒုက္ခရောက်နေကြတာကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ ဒီလူတွေကို အကူအညီပေးသင့်တယ်လို့ အမေရိကန် အခြေစိုက် ကချင်တိုင်းရင်းသားများအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ Kachin Alliance ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San က ပြောပါတယ်။

“ဒုက္ခသည်တွေကို ပံ့ပိုးမှုကအဓိကတော့ နိုင်ငံခြားကပဲ လုပ်နေတာပါ။ မြန်မာနိုင်ငံအစိုးရကနေပြီးတော့ ကူညီတာဆိုတာက အင်မတန်နည်းပါးပါတယ် နောက်ကချင်ပြည်နယ်ကနေ ထုတ်နေတဲ့ သံယံဇာတတွေကတော့ မနည်းပါဘူး။ ဒီကနေပြီးတော့ ကချင်တိုင်းရင်းသားတွေ ကချင်ပြည်နယ်က သူတွေအတွက် တကယ့်အကျိုးပြုတဲ့ ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာ အဲဒီအခွန်ငွေတွေ ဘယ်လောက်ရောက်နေသလဲဆိုတာ ကျနော်တို့ မကြားရဘူးပေါ့ အဲလောက်ကြီးရောက်တာ မကြားရဘူးပေါ့။ အဲဒါဆိုတော့ ဒီဒုက္ခသည်တွေ ကိုယ့်နိုင်ငံသားအချင်းချင်း စာနာမှုတရားနဲ့ ကူညီသင့်ပါတယ်လို့ ကျနော်က ယုံကြည်ပါတယ်။”

အရင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွေတုန်းက ပေးထားခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုရှိရေးဆိုတဲ့ ကတိကိုလည်း အခုချိန်မှာ NLD အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ အချိန်တန်နေပြီလို့လည်း Gum San က ပြောပါတယ်။

“နောက်တခုကတော့ ကျနော်တို့တိုင်းရင်းသားတွေ အဓိက လိုလားနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း Rule Of Law ဆိုတာ တရားဥပဒေ စိုးမိုးရေး။ တရားဥပဒေ စိုးမိုးရေးဆိုတာက ကျနော်တို့ ပြည်သူပြည်သားတွေပဲ စိုးမိုးတာမဟုတ်ဘူး တပ်မတော်သားတွေပါ စိုးမိုးတဲ့ ဒီတရားဥပဒေစိုးမိုးမှုရှိသင့်ပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေကို ပစ်ခတ်နေတဲ့အမှုတွေအများကြီးရှိတာပေါ့ ဒီဟာတွေကို ထိထိရောက်ရောက် အရေးယူရမည့်အချိန်ရောက်နေပါပြီလို့ ကျနော်ယူဆပါတယ်။ အခုဒီ လာတဲ့အချိန်မှာ သူတို့ ရွေးကောက်ပွဲ campaign တုန်းက ကတိပေးထားတာတွေကို ဖော်ဆောင်ဖို့ အချိန်ရောက်ပြီလို့ ကျနော်မြင်ပါတယ်။”

ဒုက္ခသည်စခန်းတွေထဲက ဘယ်စခန်းဖြစ်ဖြစ် သွားတာကောင်းပေမယ့်လည်း ဝေးလှံခေါင်ဖျားတဲ့ လူသူ အရောက်အပေါက်နည်းတဲ့ စခန်းတွေကို သွားနိုင်ရင်တော့ ပိုကောင်းမယ်လို့ Gum San က ကြံပြုပါတယ်။

“နည်းနည်းပိုဝေးလံှ တဲ့ ၂ ဘက်စလုံးပေါ့နော် ကျနော်တို့ဒီ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေ ၊ ဝိုင်းမော် ဘက်ရောသွားသင့်ပါတယ်။ လူသူတွေနဲ့ တော်တော်ဝေး ကွာတဲ့နေရာတွေကို တတ်နိုင်သလောက်သွားရင်တော့ အကောင်းဆုံးပဲပေါ့နော်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွေကတော့ အရင်တုန်း က သွားတာတွေ ကျနော်တို့ ကြားသိရတယ်၊ ဒါပေမယ့် အစိုးရကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဲဒီလိုမျိုးသွားတာတော့ မကြားဖူးဘူးပေါ့နော်”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်များ၊ ကချင် လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံဖို့ရှိကြောင်း အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ NLD ပါတီဝင် တဦးကို ကိုးကားပြီး မဇ္ဈိမသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို တွေ့ဆုံတာဟာ ကချင်တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ တွေ့ဆုံခြင်းတယ်လို့ ယူဆကြောင်း ကချင် ဘာသာရေးခေါင်းဆောင်တွေဘက်က သုံးသပ်ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကိုလည်း သွားရောက် လေ့လာမယ်လို့ ဆိုပါတယ်။

အရင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်မှာလည်း ဒေသခံ ကချင် တိုင်းရင်းသားတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသလို အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့ကြတဲ့အကြောင်း Gum San က ဆက်ပြောပါတယ်။

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့ ကာလတွေမှာ သောင်းသောင်းဖျဖျ ကြိုဆိုမှုတွေ မနောကွင်းမှာ ရှိခဲ့ပါတယ်။ ဒီလိုကြိုဆိုတယ် ကျနော်တို့တွေ အရင်တုန်းက ယုံကြည်မှုတွေနဲ့ မဲပေးခဲ့တယ် အန္တရာယ်ကြားကနေ မဲပေးခဲ့တာက ဒီလိုနှုတ်ဆိတ်ဖို့အတွက် တပ်မတေ်ာနဲ့ အဆင်ပြေဖို့အတွက် ကျနော်တို့ မဲပေးခဲ့တာမဟုတ်ဘူး ကချင်ပြည်သူလူထုတွေ ကျနော်တို့ တိုင်းရင်းသားတွေ အဓိကပေါ့နော်။ ယုံကြည်မှုတခုကြောင့် ယုံကြည်မှုဆိုတာက ပြန်လည်သင့်မြတ်ရေး နိုင်ငံတော် ပြန်လည်ငြိမ်းချမ်းလာရေးအတွက် ရဲရဲဝံ့ဝံ့မားမားမတ်မတ် နဲ့ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးမှာ မားမားမတ်မတ်ရပ်တပ်ဖို့အတွက် ကျနော်တို့ မဲပေးခဲ့တာပါ။ အဲလိုဆိုတော့ ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဆက်ပြီးတော့ ဥပမာ- မနေ့က တပ်မတော်နေ့အခမ်းအနားမသွားတာကတော့ တမျိုးပေါ့နော် ၊ ဒါပေမယ့် ကျနော်တို့က တပ်မတော်ကိုရော ရဲရဲတင်းတင်း ဆက်ဆံဖို့အတွက် ကျနော်တို့က လိုလားတာပါ။”

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ကချင်ပြည်နယ်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် ပြည်တွင်းက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အပါအဝင် တခြား စေတနာရှင် လူမှုအဖွဲ့အစည်းတွေက ကူညီ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး ဒုက္ခသည်အရေအတွက်ကတော့ ခန့်မှန်းခြေအားဖြင့် ၁၂၀,၀၀၀ ဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG