သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အာင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ၅ မှု စတင်စစ်ဆေး


နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်စဉ်။ (ယခင်ပုံဟောင်း)  Myanmar Peace Forum
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်စဉ်။ (ယခင်ပုံဟောင်း)  Myanmar Peace Forum

[[Zawgyi/Unicode]]

ရဟတ်ယာဉ်ဝယ်ယူမှု၊ ငှားရမ်းမှုနဲ့ပတ်သက်လို့ NLD အစိုးရ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို မကြာသေးခင်က စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုနဲ့ဆိုင်တဲ့ သက်သေတွေကို နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်စစ်ဆေးပါတယ်။ ဒီနေ့ ကြားနာပွဲအတွက် တရားရုံးလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေကောင်းတယ်လို့ သိရပါတယ်။ ဒီနေ့ကြားနာစစ်ဆေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှု ၁ မှု ထပ်တိုးတရားစွဲတာတွေနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရဟတ်ယာဉ်ဝယ်ယူမှု၊ ငှားရမ်းမှုအပါအဝင် NLD အစိုးရလက်ထက်က အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့အပေါ် တရားစွဲတဲ့ အဂတိမှု ၅ မှုအတွက် နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ စတင်ကြားနာစစ်ဆေးပါတယ်။ တရားလိုဖြစ်တဲ့ စစ်ကောင်စီအဂတိတိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူ ဦးအောင်ခန့်က ဒီနေ့ ကျန်းကျိန်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဂတိ ၅၅ နဲ့စွဲတဲ့ လေယာဉ် ဟက်စကီးဌားတဲ့ကိစ္စ၊ အဲဒါ ရာကြီး ၄၆၊ ၄၇။ နှစ်မှုပေါ့။ တရားလိုစစ်တာမပြီးပါဘူး။ စွပ်စွဲခံရသူတွေဘက်က ကန့်ကွက်တော့ ရပ်သွားတယ်။ လာမယ့် ၁၈ ရက်မှ ကန့်ကွက်တဲ့အပေါ်အမိန့်ချမယ် ဒါပဲ။ ဒါကတော့ ဘယ်လိုပြောရမလဲ အဂတိနဲ့တရားစွဲဖို့ အဂတိကော်မရှင်ရဲ့ဆုံးဖြတ်ချက် စာကို သက်သေခံတင်တာ။ လာမယ့် ၁၈ ရက်မှာမှ အဲဒါကိုကန့်ကွက်တာ။ ကန့်ကွက်တဲ့ဟာကို အမိန့်ချပြီး ဆက်စစ်မှာ။”

နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုအတွက် ကြားနာမယ့် မနေ့ ကြာသပတေးနေ့ကရုံးချိန်းကို ခေါင်းအနည်းငယ်မူးဝေလို့ ဒေါ်အောင်ဆန်းစုကြည် မလာနိုင်ခဲ့ပေမဲ့ ဒီနေ့တော့ တရားခွင်ကို သူ လာရောက်ကြားနာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ စိုးရိမ်စရာ ကျန်းမာရေးအခြေအနေ မရှိပါဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“လာတယ်ဗျ။ ကောင်းပါတယ်၊ ကောင်းပါတယ်။ မနေ့က အဲလိုပေါ့။ လူကြီးဆိုတော့ ရာသီဥတု အေးလို့နေမှာပေါ့။ ဘာကြောင့်ဆိုတာမပြောပါဘူး။ ဒီနေ့ကတော့ကောင်းတယ်။ လန်းလန်းဆန်းဆန်းပဲ။ ကောင်းပါတယ်။”

ဒီနေ့ရုံးချိန်းမှာ အသစ်စွဲဆိုတဲ့ အဂတိမှု ၅ မှုကိုပဲ ကြားနာဖြစ်ပါတယ်။ ကနဦးကတည်းက အဂတိလိုက်စားမှုတွေနဲ့ တရားစွဲထားတဲ့ အမှု ၅ မှုကိုတော့ ဒီနေ့ မကြားနာဖြစ်ပါဘူး။ ရန်ကုန်နဲ့နေပြည်တော်တို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာယူမှု၊ မြေနေရာပေါ် အိမ်ဆောက်လုပ်မှုတို့နဲ့ဆိုင်တဲ့ အဂတိအမှု ၄ မှုအပြင် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာငွေတွေ လက်ခံခဲ့တယ်ဆိုတဲ့ အမှုတွေအတွက် ဖေဖော်ဝါရီ ၁၁ ရက် ရုံးချိန်းကျမှ ကြားနာမယ်လို့ သိရပါတယ်။

“အဲကောင်တွေ (အမှုစွဲချက်တွေ) က ၁၁ ရက်ပြန်ချိန်းတယ်။ ၂ ကိုစစ်မယ်ပြောတယ်။ ၂ ကို ရာဇဝတ်ဆိုင်ရာအမှု အမှတ် ၂/၂၀၂၁ ပေါ့ ။ အမှုအကြောင်းက ရွှေနဲ့ဒေါ်လာကိစ္စပဲ မလား။ အမှု ၂ ပေါ့ ။ အဲနေ့မှာတော့ ၂ ကိုပဲ စစ်မယ် ပြောလိုက်တယ်။”

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အကြာင်းပြပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တဦး လာဘ်ထိုးတဲ့ အမေရိကန် ဒေါ်လာ ၅ သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးရာထူးယူထားစဉ်က လက်ခံတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၅ နဲ့ ထပ်ပြီး တရားစွဲတယ်လို့ ဖေဖော်ဝါရီလ ၃ ရက်က စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဘယ်လုပ်ငန်းရှင်လဲလို့ နာမည်ဖော်ပြမထားပေမယ့် လုပ်ငန်းရှင်မောင်ဝိတ်ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ရပ်ကွက်က စုံစမ်းသိရပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၁၁ မှုရှိနေပါပြီ။ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှု၊ ရွေးကောက်ပွဲမှာ မလျှော်သြဇာသုံးခဲ့မှုတို့နဲ့လည်း တရားစွဲခံနေရတဲ့အတွက် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုပေါင်း ၁၃ မှုအတွက် တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ အမှုတွဲတရားစွဲခံထားရပြီး ဒီနေ့ စတင်ကြားနာတဲ့ အဂတိမှု ၅ မှုကတော့ ရဟတ်ယာဉ် ငှားရမ်းထားချိန် အချိန်ပြည့်မပျံသန်းလို့ နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ ၃ သန်းကျော် နစ်နာဆုံးရှုံးရတယ်ဆိုပြီး အမှု ၃ ခု၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲဖို့ ရဟတ်ယာဉ်ဝယ်ယူရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မတင်ပြခဲ့အတွက် ၁ မှု၊ ဝယ်ယူတဲ့ ရဟတ်ယာဉ်ကို စင်္ကာပူနိုင်ငံမှာ ပြင်ဆင်စရိတ် ယူရိုငွေ သန်း ၂၀ နီးပါး မကုန်သင့်ဘဲ သုံးစွဲခဲ့မှုအတွက် ၁ မှု စုစုပေါင်း ၅ မှုဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Zawgyi/Unicode]]













================

XS
SM
MD
LG