သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ရေးခေါင်းဆောင် ဦးအောင်သောင်း အရေးပေါ်ဆေးရုံတင်


 ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ ပါတီဗဟိုအတိုင်ပင်ခံ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း
ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ ပါတီဗဟိုအတိုင်ပင်ခံ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း

အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဗဟို အတိုင်ပင်ခံ လည်းဖြစ် တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဟာ ဦးနှောက်သွေးကြောပေါက်မှုကြောင့် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရ ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ညပိုင်းက နေပြည်တော်နေအိမ်မှာ မူးလဲပြီး ၊ နေပြည်တော်ရှိ ကုတင်တစ်ထောင်ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။

အခြေအနေဟာ စိုးရိမ်စရာရှိတယ်လို့ သူ့ဆရာဝန်က ပြောဆို တာကို ပြည်တွင်းသတင်းတွေမှာ ကိုးကားရေးသားပြီး၊ ဒီကနေ့မနက်ပိုင်းတော့ စင်ကာပူနိုင်ငံမှာ ကုသဖို့ လေယာဉ်နဲ့သူကို တင်ဆောင်သွားပြီလို့သိရပါတယ်။ ဦးအောင်သောင်းဟာဆိုရင် အရင်စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှွေမိသားစုနဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး၊ စစ်အစိုးရခေတ်မှာ သြဇာကြီးခဲ့သူဖြစ်ပါတယ်။ အာဏာရ ကြံခိုင်ရေးပါတီရဲ့ နိုင်ငံရေးမူဝါဒတွေကို အဓိက ရေးဆွဲ ချမှတ်သူတဦးဆိုပြီး ယူဆကြသလို၊ အတိုက်အခံတွေအပေါ် သဘောထားတင်းမာသူဆိုပြီးတော့လည်း တွက်ဆခံရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းတုန်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုစာရင်းထဲ ဦးအောင်သောင်းကို ထည့်သွင်းခဲ့ပါတယ်။ ဦးအောင်သောင်းဟာဆိုရင် မြန်မာ့ဒီမိုကရေစီအတိုက်အခံတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်တာနဲ့၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးအပြောင်းအလဲတွေအပေါ်မှာ အနှောက်အယှက်ပေးဖို့ ကြိုးပမ်းတာတွေ လုပ်သူဆိုပြီး အမေရိကန်အစိုးရရဲ့ အဲဒီတုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဦအောင်သောင်းအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူခဲ့တာကိုတော့ ပြည်သူ့လွှတ်တော်ကနေ အားလုံးသဘောတူ ကန့်ကွက်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ အတိုက်အခံ NLD အမတ်တွေကတော့ သူတို့အနေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်စူးပြီး ကန့်ကွက်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG