သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်


စာပေလူကြမ်းမင်းသားကြီးလို့ နာမည်ကျော်ခဲ့သူ စာပေဝေဖန်ရေးစာရေးဆရာ အောင်သင်း
စာပေလူကြမ်းမင်းသားကြီးလို့ နာမည်ကျော်ခဲ့သူ စာပေဝေဖန်ရေးစာရေးဆရာ အောင်သင်း

နိုင်ငံကျော်စာရေးဆရာကြီး ဦးအောင်သင်းကွယ်လွန်သွားပြီဖြစ်ပါတယ်။ မြန်မာစာပေ အယူအဆတွေ၊ လူငယ်အကျိုးပြုစာပေတွေနဲ့ မြန်မာ့ လူမှုအဖွဲ့အစည်းအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးအောင်သင်းဟာ အသက် (၈၇) နှစ်အရွယ်မှာ ဒီကနေ့ မနက်ပိုင်းမှာပဲ သူ့ရဲ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။၊ ဆရာကြီးရဲ့ စာပေကျေးဇူး တစိတ်တပိုင်းကို စာရေးဆရာ ချစ်ဦးညို ၊ ဆရာ ကာတွန်းအော်ပီကျယ်နဲ့ ဆရာမမေငြိမ်းတို့ရဲ့ ပြောကြားချက်နဲ့အတူ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

ဆရာကြီးဦးအောင်သင်း (ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်) မြန်မာစာဌာနမှာ လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေတုန်းက ဆရာ့ကို ကျနော် စတင် တွေ့ခဲ့ဖူးပါတယ်။ ဆရာအပါအဝင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက စာရေးဆရာတချို့ဟာ အထက်ဗမာပြည်က စာရေးဆရာတချို့နဲ့ စာပေရေးရာ အယူအဆရေးရာတွေကို အပြန်အလှန် တိုက်ခိုက်ရေးသားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုက အခုလို ပြန်ပြောင်း ပြောပြပါတယ်။

ချစ်ဦးညို။ ။ သူတို့ အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးတော့ ရေးကြတယ်။ တယောက်နဲ့ယောက် ရေးကြတယ်၊ လှိုင်းသစ်ပေါ့ဗျာ။ စာပေအယူအဆနဲ့ ပတ်သက်ပြီးတော့ ရန်ဖြစ်ကြတယ်ပေါ့ဗျာ။ သူရယ်၊ ဦးစံဖော်ရယ်၊ တက္ကသိုလ်မင်းမော်ရယ်၊ ဆရာဇော်ဇော်အောင်ရယ်၊ အဲဒီအဖွဲ့ကတစ်ခု၊ ဟိုဖက်က ဆရာစွမ်းတို့ ဘာတို့ပေါ့ဗျာ။ အဲဒါ ကိုကျော်ဇံသာ သိပါတယ်။ အဲဒီက ရလိုက်တဲ့ အယူအဆတွေက အင်မတန် ဖတ်လို့ကောင်းပါတယ်၊ နှစ်ဘက်စလုံး။ နောက်တချက်က သဘင်မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ ၈၃ ကနေ ၈၈ အထိ ရေးခဲ့တဲ့ "ကျနော်အကြိုက်ဆုံး ဝတ္ထုတို" နဲ့ ဝတ္ထုတိုနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေ၊ ဝတ္ထုရေးမယ့်သူတွေ၊ ဝတ္ထုရေးနေတဲ့သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အဲဒီဟာတွေ တန်ဖိုး ရှိပါတယ်။ စာပေနဲ့ပတ်သက်ပြီးတော့။

နောက်ပိုင်းမှာတော့ ဆရာကြီး ဦးအောင်သင်းဟာ လူငယ်ပြုပြင်ရေးစာပေတွေကို စိုက်လိုက် မတ်တပ် ရေးသားလာတာ တွေ့ရပါတယ်။

ချစ်ဦးညို။ ။ နောက်ပိုင်းမှာတော့ လူငယ်များအတွက်ဆို ဖိရေးတဲ့အထဲမှာတော့ Education နဲ့ပတ်သက်တာတွေ၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ၊ စာပေလေ့လာလိုက်စားမှုနဲ့ပတ်သက်တာတွေ၊ လူငယ်တွေကို သူဖိပြီးတော့၊ ဇောင်းပေးပြီးတော့ ပြောခဲ့ပါတယ်။ ဒါတွေကလည်း အင်မတန် တန်ဖိုးရှိတဲ့ အချက်အလက်တွေပါ။ နောက်တခုကတော့ နောက်ဆုံး သူမပြီးဘဲနဲ့ တန်းလန်းထားခဲ့ရတဲ့၊ အင်မတန် နှမျောစရာကောင်းတဲ့ -Edwin Arnold ရဲ့ "Light of Asia" ဘာသာပြန်၊ ဆရာမောင်သာနိုး ပြန်ဖူးတယ်၊ ဆရာမောင်စံဖော် ပြန်ဖူးတယ်။ သူ့ဘာသာပြန်ကိုတော့ ကျနော်အကြိုက်ဆုံးလို့ ကျနော့်အနေနဲ့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်မူရင်းနဲ့ သူ့ဘာသာပြန်နဲ့ တိုက်ဖတ်ကြည့်တယ်။ သူ အလွန့်အလွန်ကို ကြိုးစားအားထုတ်ပြီးတော့ ပြန်ထားတဲ့ ဘာသာပြန်လက်ရာပါ။ အဲဒါ ပြီးမသွားဘူး။ သူရှိတုန်းကလည်း ကျနော့ကို ပြောပါတယ်။ သူ အတတ်နိုင်ဆုံး ရှိသမျှပညာကို အိတ်သွန်ဖာမှောက် ထုတ်သုံးပြီးတော့ ကြိုးစားထားတဲ့ "အာရှတိုက်ရဲ့အလင်းရောင်"-ပါတဲ့။ Light of Asia -ပါတဲ့၊ အဲဒါကြီး ပြီးမသွားဘူးပေါ့ဗျာ။ အဲဒီအတွက်လည်း အင်မတန် နှမျောပါတယ်။ သို့သော် အာရှတိုက် အလင်းရောင် - ထဲက ကျနော်တို့ ရလိုက်သလောက်ကလည်း ကျနော်တို့ အမြတ်ပါပဲ။

Light of Asia ဆိုတာဟာ ၁၉ ရာစုနှောင်းပိုင်းမှာ Edwin Arnold ရေးသားခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓတရားတော်အကြောင်း မော်ကွန်းကဗျာရှည်ကြီး ဖြစ်ပါတယ်။

ဆရာဦးအောင်သင်းဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ခေတ်ပေါ် မြန်မာရသစာပေ လေ့လာနိုင်ဖို့အတွက် မျိုးစေ့ချခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း အပါအဝင်ဖြစ်တယ်လို့ မြန်မာစာကထိကဟောင်း စာရေးဆရာမ မေငြိမ်းက ရှင်းပြပါတယ်။

မေငြိမ်း။ ။ မြန်မာစာဌာနမှာ အမြဲတမ်း ရှေးတုန်းက ပြဌာန်းခဲ့တဲ့စာအုပ်တွေ၊ စာပေတွေပဲ လေ့လာရင်းသားနေပြီးတော့မှ ခေတ်ပေါ်စာပေတွေကို ထူထောင်ခဲ့တဲ့ ဆရာဇော်ဇော်အောင်တို့၊ အခုရှိနေတဲ့ ဒေါက်တာခင်အေးပေါ့နော်။ မောင်ခင်မင် (ဓနုဖြူ) တို့နဲ့အတူတူ ဆရာဦးအောင်သင်းရဲ့နာမည်ဟာလည်း ကျမတို့ရဲ့ ခေတ်ပေါ် စာပေမျိုးစေ့နဲ့ပတ်သက်ရင် မြန်မာစာဌာနမှာ အင်မတန် ထင်ကျန်ခဲ့တာပါ။ ကျမဆိုရင် ဆရာမဘဝမှာ မြန်မာစာပေကို သင်ရတော့မယ်၊ ခေတ်ပေါ်စာပေကို သင်ရတော့မယ်ဆိုရင် ကျမ နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်အထိ ဆရာဦးအောင်သင်းရဲ့ စာအုပ်စာတမ်းတွေကို ကိုင်ပြီးတော့သာ ဆရာမအနေနဲ့ လုပ်ရဲခဲ့တာပါ။

ဆရာကြီးဦးအောင်သင်းရဲ့ ပြုပြင်ရေးစာပေတွေဟာ လူငယ်ထုအပေါ်မှာ ဘယ်လောက်ထိ သြဇာသက်ရောက်ခဲ့တယ်ဆိုတာကို ဆရာနဲ့အတူ စာပေဟောပြောပွဲတွေ သွားရောက်နေကြဖြစ်တဲ့ ကာတွန်းအော်ပီကျယ်က အခုလို ပြောပြပါတယ်။

အော်ပီကျယ်။ ။ ကျနော့်ကိုယ်တွေ့ပေါ့။ ကျနော့မျက်စိရှေ့တင် ဟောပြောပွဲတွေ သွားတဲ့အခါမှာ၊ နယ်တွေသွားတဲ့အခါမှာ တချို့ လူငယ်တွေက ဆရာကြီးကြောင့် ကျနော့ဘဝ ပြောင်းသွားပါတယ်၊ ကျမဘဝ ပြောင်းသွားပါတယ်ဆိုပြီးတော့ လာပြီးကန်တော့တဲ့လူပေါင်းများစွာကို ကျနော် စာပေဟောပြောပွဲသွားတဲ့ နယ်အသီးသီးမှာ တွေ့ပါတယ်။ ဆရာ့ရဲ့ဘယ်စာအုပ်ကြောင့်၊ ဆရာ့ရဲ့ဘယ် စာသားလေးကြောင့်၊ ဆရာ့ရဲ့ ဘယ်ဟောပြောချက်လေးကြောင့် ကျနော့်ဘဝ လုံးလုံးပြောင်းသွားတယ်၊ ကျနော့်ဘဝ အများကြီးတိုးတက်သွားတယ်-ပြောတာတွေ ကျနော့မျက်စိရှေ့မှာ အများကြီးတွေ့ဖူးပါတယ်။

ဆရာကတော့ အင်မတန် ခဏ ခဏ ပြောတာကတော့ သူနဲ့အတူ တွဲခဲ့တဲ့ ဆရာမြသန်းတင့်နဲ့ စာရေးဆရာကြီးဦးသော်က - အဲဒီ သူတို့နှစ်ယောက်ကို သိပ်ပြီးတော့ တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေးပြောတယ်။ နောက်တခုကတော့ ကျနော်တို့လို သားအရွယ်၊ တူအရွယ်နဲ့ သွားတဲ့အခါမှာ သူပျော်တယ်။ သူက ကျနော်တို့ကို ဆုံးမစရာရှိရင် ဆုံးမတယ်။ ကျနော်တို့ကလည်း လူကြီးနဲ့သွားရတယ်ဆိုပြီး ဆရာကြီးနဲ့ သွားတဲ့အခါတိုင်းမှာတော့ လေးပင်မနေဘဲနဲ့ အင်မတန် ပေါ့ပေါ့ပါးပါးနဲ့ ဆရာကြီးက ကျနော်တို့အပေါ် အမြဲတမ်း နားလည်ပေးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဆရာကြီးနဲ့ သွားရတဲ့ခရီးတွေကတော့ ကျနော်တို့အတွက် တန်ဖိုးလည်း မဖြတ်နိုင်ဘူး၊ နောက်ပြီး ဆရာပြောတဲ့စကားတွေက ကျနော်တို့အတွက် အများကြီး အကျိုးရှိပါတယ်။

ဆရာကြီးဦးအောင်သင်း ကွယ်လွန်ချိန်မှာ သားသမီး နှစ်ယောက်နဲ့ မြေး ငါးယောက် ကျန်ရစ်ပါတယ်။ ဆရာကြီးရဲ့ဈာပနကိုတော့ တနင်္လာနေ့ညနေမှာ ဂူသွင်း သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ မိသားစုဝင်တွေဆီက သိရတဲ့သတင်းအရ မီးသင်္ဂြိုဟ်ပြီး ကျွင်းကျန်တဲ့ အရိုးကို ဂူသွင်းမှာဖြစ်ကြောင်း သိရပါတယ်။

XS
SM
MD
LG