သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် တရားဥပဒေစိုးမိုးရေးအရာထမ်း ၆ ဦး အဂတိလိုက်စားမှုနဲ့ အရေးယူ


ရန်ကုန်တိုင်းဥပဒေချုပ်(လယ်)
ရန်ကုန်တိုင်းဥပဒေချုပ်(လယ်)

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဆင့်မြင့်ဥပဒေ အရာထမ်း တချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူလိုက်တာကြောင့် တရားစီရင်ရေးအပေါ် လူထုရဲ့ ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း တရားစီရင်ရေးကို မထီမဲ့မြင်လုပ်နေတဲ့ လုပ်ရပ်တွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်မယ်လို့ အကြံပြုပြောဆိုပါတယ်။ VOA သတင်းထောက် ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားသူတွေထဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး လည်းပါဝင်တဲ့အတွက် NLD အစိုးရလက်ထက်မှာ တရားရေးမဏ္ဍိုင်က ရာထူးအမြင့်ဆုံး ဥပဒေအရာရှိတစ်ဦးကို အရေးယူလိုက်တာ ဖြစ်တဲ့အကြောင်း ပြည်တွင်း သတင်းတွေမှာ ရေးပါတယ်။

ဦးဟန်ထူးနဲ့အတူ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိတွေအပါအဝင် စုစုပေါင်း ခြောက်ဦးကို အရေးယူလိုက်တာဖြစ်ပါတယ်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှု၊ အမှုရုပ်သိမ်းခွင့်ပြုတဲ့ကိစ္စမှာ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေရယူပြီး တရားလိုပြသက်သေတွေကို တမင်ပေါ့လျော့လျော့ပေါ့ပေါက၊ စစ်ဆေး တယ်၊ တရားခံတွေ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေတွေက ထွက်ဆိုနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်အောင် ဖန်တီးခဲ့တယ်၊ ဒါကြောင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီလို အရေးယူဆောင်ရွက်တာကို ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အခုလို ပြောပါတယ်။

“ဒီလိုလုပ်လိုက်တဲ့အတွက် တရားစီရင်ရေးအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှုက မြင့်မားလာမယ်။မှန်ကန်မှုတွေလည်းကြီးထွားလာမယ်။အဲ့လိုဘဲ ကျနော်တို့က မြင့်တဲ့အတွက် ဒါကိုကျနော်တို့က ကြိုဆိုပါတယ်။ထိထိရောက်ရောက် စံပြလောက်တဲ့ စံပြနမူနာ ပြစ်ဒဏ်ကို ချသင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

ဒီအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် အများပြည်သူကြားမှာ အပြင်းအထန် ဝေဖန် ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့် ကိုယ်တိုင်က အမှုကို နာမည်နဲ့တကွ အတိအကျ ဖော်ပြပြောဆိုတာမဟုတ်ပေမဲ့လည်း “မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်းပြိုလဲနေတဲ့ အခြေနေကိုရောက်နေပြီး တသက်လုံးမှာ မကြားဖူးခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ကြားနေရတာကြောင့် ဒါတွေကို ပြန်လည် တည့်မတ်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားကြ” ဖို့ ဇူလိုင်လကုန်ပိုင်းက တိုက်တွန်းခဲ့ပါတယ်။

အခု ဥပဒေရေးရာ ဝန်ထမ်းတချို့ကို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက အခုလို ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့က သုဝဏ္ဏရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ခြောက်ယောက်လုံးကိုလည်း ထိန်းသိမ်းထားပါတယ်ခင်ဗျ။ဆက်ပြီးတော့ တိုင်းဒေ သကြီးတရားလွှတ်တော်မှာ တရားစွဲတင်ဖို့ဆက်လက် ဆောင်ရွက်နေပါတယ်ခင်ဗျ။”

အရေးယူခံရတဲ့ ဥပဒေပညာရှင်တွေနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်သူတွေဘက်က အမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေ ဘယ်လောက်ရယူခဲ့တယ်ဆိုတာအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။ ပြည်တွင်းသတင်းတွေမှာတော့ အဆင့်ဆင့် လာဘ်ယူခဲ့တဲ့ ငွေပေါင်း ဟာ ကျပ်သိန်း ၇၀၀ ကျော်ထိရှိတယ်လို့ ဖေါ်ပြပြီး ဒီပမာဏနဲ့ ပတ်သက်လို့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေအရာထမ်းတချိုကို အရေးယူလိုက်ပေမဲ့ ရှေ့ဆက်ပြီး ထိရောက်အောင် လုပ်ဆောင်ဖို့ လိုမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“အခု ဒီဟာသ သရုပ်ဆောင်အောင်ရဲထွေးလူမဆန်စွာ သတ်ဖြတ်ခံရတာနဲ့ ပက်သက်ပီးတော့ ပေါ်ပေါက်လာတဲ့ တရားစီရင်ရေး အခြေအနေက တရားလွှတ်တော်ရှေ့နေက သမ္မတကြီး သိသွားလို့ အဲ့ဒီလို အောက်ခြေမှာ မြှပ်ကွယ်နေတဲ့ အမှုတွေ အများကြီးရှိသေးတယ်။တိုင်စာကို ဌာနဆိုင်ရာတွေက မဖော်ထုတ်ဖူးဗျ။တရားစီရင်ရေးကို ပြည်သူတွေ အထင်သေးအောင်လုပ်တာ။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့ ဥပဒေနဲ့ အညီ တိုင်ကြားမှုတွေကို အရေးယူဆောင်ရွက်နေတဲ့အကြောင်း ဒါပေမဲ့လည်း တိုင်ကြားသူတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုမှာ မဟုတ်တဲ့အကြောင်း ရှင်းပြပါတယ်။

“ကျနော်တို့ဆီကို တိုင်ကြားစာရောက်တယ်ဆိုရင်လည်း သက်ဆိုင်ရာ သုံးသပ်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို တင်ပြပီးတော့မှ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အရ ဒါကတဲ့ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးလို့ရတယ်ဆိုတဲ့ ကိစ္စတွေကို ဆောင်ရွက်တာပါခင်ဗျ။”

ဦးကျော်စီုးပြောပြတာပါ။ အခု ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဆင့်မြင့်ဥပဒေ အရာထမ်း တချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူလိုက်တာကိုတော့ တရားစီရင်ရေးအပေါ် လူထုရဲ့ ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေနဲ့ ပြည်တွင်းနိုင်ငံရေးသုံးသပ်သူတွေ ကြိုဆိုကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG