သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု စက်တင်ဘာလ အမေရိကန် လာမည်

please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။

အမေရိကန်အခြေစိုက် Atlantic Council က ပေးတဲ့ တတိယအကြိမ်မြောက် “ကမ္ဘာ့နိုင်ငံသား” ဆုလို့ဆိုရမယ့် “Global Citizen Award” ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Council ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရသူတွေထဲမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဟောင်း ဆဒကို့ အိုဂတ (Sadako Ogata)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဟန်နရီ ကစ်ဆင်းဂျား (Henry Kissinger)၊ အမေရိကန်ဂီတသမားနဲ့ လူသားအရေး လှုပ်ရှားသူ ကွင်စီ ဂျူံးစ် (Quincy Joines) တို့ လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆုရှင်တဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အမှုဆောင်ညွှွန်ကြားရေး မှူး ခရစ္စတင်းန် လာဂါ့ဒ် (Christine Lagarde) က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်ပါတယ်။

Atlantic Council ကို အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်မှာရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြည်ပြည် ဆိုင်ရာလုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီစွဲမရှိတဲ့အဖွဲ့တဖွဲ့အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင် တန် ဒီစီမြို့တော်မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ အစီအစဉ်တခုမှာလည်း ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုဆီ လာရောက်မယ်ဆိုရင်တော့ ရာစုနှစ်လေးပုံတပုံနီးပါး အတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီ့မတိုင်ခင်ကတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ဆီ ခရီးထွက်ခဲ့ပါသေးတယ်။

This item is part of
XS
SM
MD
LG