သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု ရန်ကုန်ဝန်ကြီးချုပ်နဲ့သက်သေတွေ ပြန်ခေါ်စစ်ဆေး


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)

[[Zawgyi/Unicode]]


ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်လိုက်တဲ့ အဂတိလိုက်စားမှုအတွက် ပြန်ခေါ်သက်သေတွေဖြစ်တဲ့ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် သက်သေ ၄ ယောက်ကို ဒီကနေ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်း လာဘ်ထိုးတဲ့ ရွှေနဲ့ အမေရိကန်ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်လို့ဆိုပြီး ဒေါ်အောင်စုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခဲ့တာဖြစ် ပါတယ်။ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့တဲ့အကြောင်း ရန်ကုန် က လာတဲ့သတင်းကို မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု ၁၁ မှုနဲ့ တရားစွဲခံထားရတဲ့ထဲက ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးစွဲချက်တင်ခံရတဲ့အမှုအတွက် ပြန်ခေါ်သက်သေတွေကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ မတ်လ ၇ ရက်နေ့မှာ ပြန်လည် စစ်ဆေးကြားနာပါတယ်။ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိဿာ လက်ခံယူခဲ့တယ်လို့ဆိုပြီး တရားစွဲခံရတာဖြစ်ပြီး ဦးဖြိုးမင်းသိန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်လို့ အစောပိုင်းကြားနာမှုတွေမှာ ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဦးဖြိုးမင်းသိန်း၊ သူ့ရဲ့ဇနီးသည် ဒေါ်ခင်မိမိကြွယ်အပြင် နောက် ၂ ယောက်ကို ပြန်လည်မေးမြန်းဖို့ တောင်းဆိုတဲ့အတွက် ဒီနေ့ ကြားနာပွဲမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ပြန်ခေါ်သက်သေ ၄ ယောက်ထဲက ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်မိမိကြွယ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ညွန်ကြားရေးမှူး တရားလို ဦးရဲထက်တို့ ၃ ယောက်ကိုပဲ အပြန်အလှန်းမေးခွန်းထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မေးမြန်းမှုတွေမပြီးပြတ်တာမို့ နောက်လာမယ့်ရုံးချိန်းမှာ ဆက်စစ်သွားဖို့ရှိတယ်လို့သိရပါတယ်။ ဒီစွဲချက်တင်ခံထားရတဲ့အမှုအတွက် ဘယ်သူတွေကို သက်သေခေါ်မလဲ၊ ဘယ်နေ့တွေမှာ ကြားနာမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသတွင်း လုပ်ငန်းတွေကို ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့အတွက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လအတွင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာဘ်ထိုးတဲ့ အမေရိကန် ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ ရွှေခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည် က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့တာပါ။ ဒီအမှုကို ဖေဖော်ဝါရီ ၂၈ ရက် စွဲချက်တင်တဲ့နေ့မှာ ဒေါ်အောင်ဆန်စုကြည်က သူ့မှာ အပြစ် မရှိကြောင်း ဒါတွေနဲ့ပတ်သက်လို့ ကျုးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံးကို ပြောကြားခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးကြားနာပွဲမှာ ဒီစွဲချက်တင်ထားတဲ့အမှုအပြင် ရဟတ်ယာဉ်ငှားရမ်းမှု၊ ဝယ်ယူမှုတွေနဲ့ ပတ်သက်လို့ တရားစွဲထားတဲ့ အဂတိမှု ၁ မှုကိုလည်း ဒီနေ့ ကြားနာပါတယ်။ ငွေကြေးဆုံးရှုံးစေတယ်လို့ စွပ်စွဲထားတဲ့ အမှုအတွက် တရားလို ဦးရဲထက်ကို ရှေ့နေတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာလည်း ရဟတ်ယာဉ်ကိစ္စတွေနဲ့ တရားစွဲထားတဲ့ အမှု ၅ မှုကို ဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု ၁၁ မှုနဲ့ တရားစွဲခံထားရပြီး ၁၀ မှုအတွက် တရားရုံးမှာ ရင်ဆိုင်နေရပါတယ်။ ဒီနေ့ ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို မီဒီယာကို မပြောရဆိုပြီး စစ်ကောင်စီဘက်က ပုဒ်မထုတ် တားမြစ်ထားတာမို့ ဆက်သွယ်မေးမြန်းလို့မရပါဘူး။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]









===========

XS
SM
MD
LG