[[Zawgyi/Unicode]]
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီက ရွှေနဲ့ ဒေါ်လာငွေတွေ ရယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုဟာ အမှုမြောက်တယ်လို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်ပါတယ်။
NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းထဲက လုပ်ငန်းဆောင်ရွက်မှုတွေ ထောက်ခံပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိဿာလက်ခံရယူတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲခဲ့တာပါ။ တရားရုံးက အခုလို စွဲချက် လက်ခံလိုက်တာကြောင့် လာမယ့်အပတ် ရုံးချိန်းတွေကနေစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်လဲချက် ပေးဖို့ရှိနေပါတယ်။ နေပြည်တော်နဲ့ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ မြေနေရာရယူတယ်ဆိုတဲ့ အဂတိအမှုစွဲချက်ကိုလည်း ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို မီဒီယာကို မပြောရဆိုပြီး စစ်ကောင်စီဘက်က ပုဒ်မထုတ် တားမြစ်ထားတာမို့ ဆက်သွယ်မေးမြန်းလို့မရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုတွေမှာ ဥပဒေပါ ပြဌာန်းချက်နဲ့မကိုက်ညီသလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းစဉ်မှာလည်း လာဘ်ပေးတယ်လို့ စွပ်စွဲထားတဲ့ ရွှေနဲ့ဒေါ်လာစာရင်းတွေ မပါဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တရားရုံးကို လျှောက်လဲချက်ပေးခဲ့တယ်လို့သိရပါတယ်။
တကယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၅ နဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ပြစ် ဒဏ်ချမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ မနက်ဖြန် မှာတော့ ရဟတ်ယာဉ် ငှားရမ်းမှု၊ ဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိလိုက်စားမှု ၅ မှုကို ဆက်လက်စစ်ဆေးသွားမှာပါ။
စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။
=============
[[Unicode]]
=============