သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂၀၁၈ Aurora လူသားချင်းစာနာမှုဆုရှင် ရှေ့နေဦးကျော်လှအောင်


၂၀၁၈ Aurora လူသားချင်းစာနာမှုဆုရှင် ရှေ့နေဦးကျော်လှအောင် (auroraprize.com)

အာမေးနီးယားနိုင်ငံ အခြေစိုက် Aurora လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုတဲ့ အဖွဲ့အစည်းရဲ့ ၂၀၁၈ ခုနှစ်အတွက် လူသားချင်းစာနာမှုဆုကို ဖိနှိပ်ခံရတဲ့ သိန်းနဲ့ချီတဲ့ မူဆလင်တွေ အရေး၊ တရားရေး လမ်းကြောင်းကနေ ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံက ရှေ့နေဦးကျော်လှအောင်ကို ချီးမြှင့်လိုက်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ Yerevan မြို့မှာ ဆုလက်ခံရယူခဲ့တဲ့ ဦးကျော်လှအောင်ကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Aurora ဆု ကို ဒီနှစ်အတွက် ဦးကျော်လှအောင် ရရှိကြောင်း အခန်းနားမှုးက ပြောသွားတာပါ။ ငလျင်ဒဏ်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုဒဏ်တွေ ခံစားခဲ့ရတဲ့ အာမေးနီးယန်းတွေကို အောက်မေ့တဲ့အထိမ်းအမှတ်နဲ့ ပေးတဲ့ ဒီဆုကို ၂၀၁၆ ခုနှစ်ကမှ Yerevan မှာ စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းလုပ်ဆောင်ပေးနေသူတွေကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ အခုလို မမျှော်လင့်ပဲ ဆုရခဲ့တာအတွက် သိပ်ကို ဝမ်းသာကြောင်း ဦးကျော်လှအောင်က ပြောပါတယ်။

"အရမ်းပျော်တာပေါ့ ဦးကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ဖူးဘူး၊ ဘယ်သူ့ဆီကလည်း မမျှော်လင့်ခဲ့ဖူးဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ဦးဒီလောက်လုပ်နေတယ်ဆိုတာကို တင်သလဲမသိဘူး။ သူတို့က ဦးကို ဒီမှာ ၀င်မလားဆိုပြီးတော့ မေးတယ်။ နိုင်ငံပေါင်း ၁၅၅ နိုင်ငံက လု ၇၅၀ ထဲက ရွေးပြီးတော့ ဦးတို့ ၃ ယောက် ၁ ယောက်ကတော့ အိန္ဒိယက ၊ နောက်တယောာက်က မက်စီကိုက Father တယောက် ၊ မြန်မာနိုင်ငံက ဦး တယောက်ပဲ ရွေးပြီးတော့ အဲဒီ ၃ ယောက်ထဲကတခါ ပြန်ရွေးပြီးတော့ ရရှိသွားတာပေါ့။ သူတို့မိုးလင်းအာရုံမှာ အဲဒါက Auroraဆိုတော့ မိုးလင်းအာရုံမှာ နတ်သမီးတွေကို ဖိတ်တဲ့သဘောနဲ့ အဲဒီမှာ လုပ်ပြီးတော့ ပေးတာပါ။"

ရိုဟင်ဂျာရှေ့နေ ဦးကျော်လှအောင်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သက္ကယ်ပြင် ကျေးရွာမှာ နေထိုင်ပြီး ခွဲခြားဆက်ဆံမှု မရှိရေးနဲ့ ဒီမိုကရေ အရေး၊ လူမှုရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားခဲ့သလို တန်းတူပညာသင်ကြားခွင့်နဲ့ လူ့အခွင့်ရေးတွေမှာ နှစ်မြုပ်ဆောင်ရွက်ခဲ့တာအတွက် အခုလို ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

"ဦးက လူမှုရေးကိစ္စတွေလုပ်ခဲ့တာတွေ ထောင်ထဲမှာလည်း လုပ်ခဲ့တယ် အဲဒါတွေနဲ့ ဦးတို့ရွာကို ဖျက်ဆီးလိုက်ပြီးတော့ ဦးတို့ ဒုက္ခရောက်တဲ့ အချိန်အဲဒီမှာလည်း ဦးက ကလေးတွေကို ပညာသင်ဖို့အတွက်ကြောင်းတွေ ဖွင့်ပေးခဲ့တယ် ။ အခုကျောင်းမှာ ဆရာတွေခန့်ဖို့ကိစ္စတွေ၊ ကျောင်းသားတွေကို မိဘတွေကို ကျောင်းပို့ဖို့ကိစ္စတွေ အဲဒီကိစ္စတွေကို ဆောင်ရွက်လျက်ရှိတယ် အဲဒါတွေကို သူတို့ စုံစမ်းပြီးမှ ဒီဆုစာရင်းမှာထည့်ပေးတာ။ စိတ်ထဲမှာ အရမ်းပျော်တယ် ဘာဖြစ်လို့လဲဆိုတော့ အသိအမှတ်ပြုတာ ဘယ်သူမှ မရှိခဲ့ဖူးဘူး။ ဦးကတော်တော်ကြာပြီ ထောင်ထဲမှာလည်း သူများကို အများကြီးကူညီခဲ့တယ်။ဓ

Aurora ဆုရှင်အနေနဲ့ ဒေါ်လာ တသိန်းလက်ခံရရှိမှာ ဖြစ်ပြီး သူကိုယ်တိုင် ပြန်လည်ပေးလှုခွင့် ရှိတဲ့ နောက်ထပ် ဒေါ်လာ တသန်းကိုတော့ မြန်မာနိုင်ငံအတွက် အမှန်တကယ် ကူညီနေတဲ့ လူမှုရေးအဖွဲ့ ၃ ခုကို ပေးအပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

"ဒေါ်လာ တသန်းကို MSF-UK ကို ၄ သိန်း ၊ မာဆီ မလေးရှားကို ၃ သိန်း ၊ ICMC ကို ၃ သိန်း အဲဒါ ဒေါ်လာ ၁ သန်းကို ခွဲပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်တွေအတွက် အများကြီးလုပ်နေတာကို အများကြီးမြင်တယ် MSF-UK ကလည်း ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးတဲ့သူတွေကို အများကြီးကူညီပေးနေတယ်။ အဲဒါကြောင့် ဦးက MSF မှာလည်း လုပ်လာတဲ့အတွက် ဦးက MSF ဘာလိုသလဲဆိုတာ ဦးသိတယ် အဲဒါကြောင့် အဲလိုခွဲပေးတာ။ မာဆီမလေးရှား ကလည်း စစ်တွေမှာ သူတို့ဆေးရုံရှိတယ်။ အဲဒီတွေမှာ လိုနေတယ် နောက်ပြီးတော့ ICMC ကလည်း မလေးရှား Migrant လုပ်သွားတဲ့ သူတွေကို ရခိုင်ပြည်နယ်က သူတွေကို ကူညီနေတယ်။ ချင်းတို့ ကချင်တို့ မွတ်စလင်တို့ကို ကူညီနေတယ် အဲဒါတွေကို ရွေးပြီးတော့ သူတို့ကို Proposal တင်လိုက်တယ် သူတို့ကလည်း လက်ခံတယ် သူတို့ကို အဲလိုခွဲပေးလိုက်တယ်။"

ဒီကူညီရေးအဖွဲ့တွေဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာအပါအဝင် ဒုက္ခရောက်နေသူတွေကို အကူညီပေးနေတာ ဖြစ်ပြီး မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိမှတ်ပြုမထားပါဘူး။ ဦးကျော်လှအောင်ဟာ နိုင်ငံမဲ့ ဖြစ်နေကြတဲ့ ရိုဟင်ဂျာတွေ အတွက် အခြေခံ လူ့အခွင့်အရေးတွေ ရရှိအောင်နဲ့ ဖိနှိပ်ခံရတဲ့ မူဆလင်တွေအရေး ၊ ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေအရေး တရားရေး လမ်းကြောင်းကနေ သူ့ရှေ့နေပညာနဲ့ ကြိုးပမ်းခဲ့တာကြောင့် ဒီဆုကို ချီးမြှုင့်တာ ဖြစ်ကြောင်း Aurora အဖွဲ့ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG