သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aurora ဆု ဇကာတင်စာရင်းသုံးဦးထဲ ရိုဟင်ဂျာရှေ့နေဦးကျော်လှအောင်ပါဝင်


၂၀၁၈ ခုနှစ် အတွက် Aurora ဆုဂုဏ်ပြုစာရင်း ၃ ဦးအနက် မြန်မာနိုင်ငံသား ရှေ့နေ ဦးကျော်လှအောင်ပါရှိ။ (ဓါတ်ပုံ- the Aurora Prize for Awakening Humanity)
၂၀၁၈ ခုနှစ် အတွက် Aurora ဆုဂုဏ်ပြုစာရင်း ၃ ဦးအနက် မြန်မာနိုင်ငံသား ရှေ့နေ ဦးကျော်လှအောင်ပါရှိ။ (ဓါတ်ပုံ- the Aurora Prize for Awakening Humanity)

အရှေ့ဥရောပက အာမေနီးယားနိုင်ငံအခြေစိုက် Aurora လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုတဲ့ အဖွဲ့အစည်းကနေ ကမ္ဘာတဝန်း ကိုယ်ကျိုးစွန့်ပြီး ပရဟိတအကျိုးသယ်ပိုး သူတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်နေရာမှာ ၂၀၁၈ ခုနှစ် ဒီနှစ်အတွက် သုံးဦးကို ဇကာတင် ရွေးချယ်ထားရာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ရှေ့နေ ဦးကျော်လှအောင်လည်း ပါဝင်ပါတယ်။ ဒီစာရင်းထဲ အခုလို ဂုဏ်ပြုရွေးချယ်ခံထား ရတာနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က Aurora ဆုရှင် ဦးကျော်လှအောင်ကို ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားတာကို နန်းလောင်ဝ် က ဆက်လက် တင်ဆက်ပေးပါမယ်။


Aurora Humanitarian Initiative က လူသားချင်းစာနာတဲ့ ကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် နေသူတွေကို ပေးအပ်တဲ့ Aurora ဆုကို ဇွန်လ ၆ ရက်နေ့မှာ ကြေညာပေးအပ်မှာဖြစ်ပြီး၊ ဒီဆုအတွက် ဇကာတင် ရွေးချယ်ဂုဏ်ပြုခံရသူ သုံးဦးထဲ မြန်မာနိုင်ငံက ဦးကျော်လှအောင် ပါဝင်ပါတယ်။

ရိုဟင်ဂျာရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကျော်လှအောင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင်ကျေးရွာမှာ နေထိုင်ပြီး ခွဲခြားဆက်ဆံမှုတွေနဲ့ ဒီမိုကရေစီ အရေးကိစ္စတွေမှာ ငြိမ်းချမ်းစွာ ပါဝင် လှုပ်ရှားခဲ့တာကြောင့် သူ့ကို ခုလို ဂုဏ်ပြုတာလို့ ဆုပေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာလည်း သူပါဝင်ဆောင်ရွက်ခဲ့တာနဲ့ ပတ်သတ်လို့ ဦးကျော်လှအောင်က ဗွီအိုအေ အခုလို ပြောပြပါတယ်။

“ကျွန်တော်က အဲဒီလူမှုရေး ကိစ္စတွေမှာ လုပ်တယ်။ ကျွန်တော် Organize လုပ်တယ်။ ကလေးတွေကို Organize လုပ်ပြီး ကျွန်တော် အဖွဲ့ဖွဲ့တယ်။ ဖွဲ့ပြီးတော့ ဘယ်လို၊ ဘယ်လို ဒုက္ခရောက်လဲ၊ ဘယ်လို လုပ်ရမလဲဆိုတာ။ လူတွေက ပညာမတတ်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံ ဒုက္ခရောက်သွားမယ်။ ပညာမတတ်ဘူးဆိုရင် ဒီလူမျိုးတစ်မျိုး ဒုက္ခရောက်မှာ မဟုတ်ဘူး ကိုယ့်နိုင်ငံလည်းနာတယ်။ အဲဒီတော့ ခင်ဗျားတို့ ပညာသင်ကြ၊ ပညာမတတ်ဘူးဆိုရင် သူတို့ကို အကြမ်းဖက်သမားတွေလည်း စည်းရုံးဖို့ လွယ်တယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ ကိုယ့်နိုင်ငံကိုယ် တစ်တပ်တစ်အား ဘယ်လိုကူညီနိုင်လဲ၊ ဒီလူတွေ ပညာတတ်သွားပြီဆိုရင်။ အစိုးရ အဆက်ဆက်က ဒီလူတွေ ပညာမတတ်အောင် လုပ်ထားလို့ ဒီနိုင်ငံ ဒီလိုဖြစ်သွားတာ။”

Aurora ဆုရှင်ရွေးချယ်ဖို့ နောက်ဆုံးဇကာတင် သုံးဦးထဲမှာ ဦးကျော်လှအောင်နဲ့အတူ အမေရိကတိုက်အလယ်ပိုင်းက ရွေ့ပြောင်းလုပ်သားတွေကို ကူညီဆောင်ရွက်ပေး နေတဲ့ မက္ကစီကို နိုင်ငံက ဖာသာ ကတ်စတီလို နဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာကို ကာကွယ်ပေးနေတဲ့ အိန္ဒိယနိုင်ငံသူ ခရစ်နမ် တို့လည်း ပါဝင်ပါတယ်။

ခုလို ဆု ဇကာတင်စာရင်းမှာ ပါခဲ့တာနဲ့ပတ်သတ်ပြီး ဦးကျော်လှအောင်က သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“မတရားသဖြင့် ခံရတာကို ကျွန်တော်မကြိုက်ဘူး။ အဲဒါ ကျွန်တော် တရားရုံးမှာ လုပ်လာတာ။ တရားရုံးမှာ ကျွန်တော်နှစ်ပေါင်း ၂၄နှစ်၊ ဆိုတော့ ကျွန်တော် အဲဒီလို လုပ်လာတယ်ဆိုတော့ ကျွန်တော်တို့က မတရား သဖြင့် လူတစ်ယောက် ဒုက္ခရောက်တယ်၊ လူတစ်ယောက်ကို ညှင်းပန်း၊ နှိပ်စက်တယ် ဆိုတာ ကျွန်တော်တို့ ဘဝမှာ မမြင်ချင်ဘူး။ အဲဒါကျွန်တော့် ဗီဇပဲ။ ကျွန်တော့် ဗီဇဆိုတော့ ဒါတွေပဲ ကျွန်တော်လုပ်နေတာ ဆိုတော့ Aurora က အဲလို ရွေးလိုက်တာ။ ကျွန်တော်လည်း ဝမ်းတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ သွားဖို့ နည်းနည်း အခက်အခဲ ဖြစ်မလားမသိဘူး။ အဲဒါပဲ။"

ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆိုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ လာမယ့် ဇွန်လ ၆ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက နောက်ဆုံး သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို လာမယ့် ဇွန်လ ၉ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ ဆုရှင် သုံးဦးထဲက တဦးကို ထပ်မံရွေးချယ်ပြီး လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေအတွက် ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁.၁ သန်း ချီးမြှင့်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG