သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး သြစတြေးလျဝန်ကြီးချုပ် စိုးရိမ်


သြစတြေးလျဝန်ကြီးချုပ် Julia Gillard နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။ ( သတင်းဓာတ်ပုံ၊ သမ္မတရုံးဝဘ်ဆိုက်ဒ်)
သြစတြေးလျဝန်ကြီးချုပ် Julia Gillard နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။ ( သတင်းဓာတ်ပုံ၊ သမ္မတရုံးဝဘ်ဆိုက်ဒ်)
သြစတြေးလျဝန်ကြီးချုပ် Julia Gillard ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အာရှ-ဥရောပ ASEM ထိပ်သီး အစည်းအဝေးတက်ဖို့ လာအိုနိုင်ငံမှာ ရောက်နေကြတဲ့ အချိန်အတွင်း သူတို့နှစ်ဦးတွေ့ဆုံခဲ့တာပါ။ သြစတြေးလျအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေကတော့ သြစတြေးလျအစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အလေးထားဖို့ လိုလားနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Julia Gillard ဟာ မြန်မာသမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့တာဟာဖြင့်
နှစ်ပေါင်း ၃၀ နီးပါး အတွင်း သြစတြေးလျဝန်ကြီးချုပ်တဦးနဲ့ မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦး တို့ တွေ့ဆုံ ဆွေးနွေးကြတာဖြစ်ပါ တယ်။ သြစတြေးလျအစိုးရ အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ သြစတြေးလျ နိုင်ငံခြားရေးမူဝါဒ ကို အပြောင်းအလဲ လုပ်ခဲ့သလို အခုတွေ့ဆုံမှုဟာလည်း အဲဒီအပြောင်းအလဲတွေ ကို နောက်ထပ် အသိအမှတ်ပြုတဲ့ နည်းလမ်း တခုဖြစ်တယ်လို့ Ms Gillardက ပြောတာကို သြစတြေးလျနိုင်ငံတွင်းက လာတဲ့သတင်းတွေမှာ ကိုးကားပြီး ရေးထားပါတယ်။

မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက ဆက်ပြီး စိုးရိမ်မှုရှိနေတယ်ဆိုတာကို သူ သေချာပေါက် ပြောဆိုမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်နဲ့ မတွေ့ဆုံခင်မှာ Ms Gillard က ပြောခဲ့တာကိုလည်း ABC သတင်းက ကိုးကားပြီး ရေးထားပါတယ်။

ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးမစ္စဂီးလာ့ဒ်က သမ္မတဦးသိန်းစိန် ကို ပြောဆိုမယ် ဆိုတာကို သြစတြေးလျ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ သြစတြေးလျ-မြန်မာရုံး ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို က လက်ခံ ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပါဝင်တဲ့ ဘက်နှစ်ဘက်စလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့တွေ့ဆုံပြီးတော့ သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ ရပ်စဲပေးဖို့ တောင်းဆိုတာတွေ ရှိတယ်။ မြန်မာအစိုးရကိုလည်း ဒါနဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ရပ်စဲသွားအောင် လုပ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ဒါ့အပြင် နစ်နာတဲ့ နှစ်ဖက်ပြည်သူ အကုန်လုံးကို လည်း နိုင်ငံတကာကရော၊ သြစတေးလျအစိုးရကရော လူသားချင်းစာနာတဲ့ အကူအညီတွေကို တောက်လျောက်ပဲ ပေးနေပါတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီအပေါ်မှာ စိုးရိမ်စိတ် ရှိတယ်ဆိုတာကို ကျနော်တွေ့ရပါတယ်။ ဆက်ပြီးတော့လည်းပဲ သူတို့အနေနဲ့ လူမျိုးမေရွေး၊ ဘာသာမရွေး၊ အားလုံးကို ကူညီပေးဖို့ ရခိုင်ပြည်နယ်ကို အာရုံစိုက်ပြီးတော့ ကူညီပေးမယ့် အစီအစဉ်တွေ ရှိလာနိုင်ဦးမှာပါ။”

သြစတြေးလျအခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့က ကိုအန်န်ဝါကလည်း သူတို့အနေနဲ့ ရခိုင်ပြည်နယ် ကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရကို တိုက်တွန်း တောင်းဆိုထားတာတွေ ရှိတဲ့အကြောင်း ပြောပါတယ်။

“အရင်ဆုံးက ကျနော်တို့ Foreign Minister box က လည်းပဲ ကိုယ်တိုင်ကိုယ်ကျ ပေးထားတယ်။
နောက် ဒီက MP တွေနဲ့ လည်း ထိတွေ့ပြီးတော့ ကျနော်တို့ လိုအပ်တဲ့ အချက်အလက်တွေ ကို တောင်းဆို ထားတယ်။ သူတို့ကတော့ တတ်နိုင်သလောက် ဗမာအစိုးရဆီကို ဒီကိစ္စအတွက် သူတို့ Request လုပ်ပေးထားတယ်။ ဒီရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဖြစ်နေတဲ့ ကိစ္စတွေအတွက် ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံသားဥပဒေမှာ ပြင်ဆင်ပြီးတော့ ဒီလူတွေအားလုံးကို Stateless ကနေ Citizenship အခွင့်အရေးတွေပေးဖို့ အတွက် သူတို့တွေ Request လုပ်နေတယ် လို့တော့ ပြောတယ်။ ဒါပေမဲ့ အားလုံးကတော့ Diplomacy Way နဲ့ သွားနေတာပါ။”

သြစတြေးလျဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သလို သမ္မတ ဦးသိန်းစိန်တက်လာပြီး အပြောင်းအလဲတွေဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေါ့ရုပ်သိမ်းတာတွေ ကိုလည်း အစောဆုံးလို လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆက်ပြီးပြောင်းလဲသွားတာနဲ့အမျှ သြစတြေးလျနိုင်ငံက တုန့်ပြန်လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ဝန်ကြီးချုပ် Ms Gillard က ပြောထားပါတယ်။ အခုလည်းပဲ သြစတြေးလျ ကုမ္ပဏီတွေ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံကြဖို့ တွန်းအားပေးတာတွေ ရှိနေတယ်လို့ ဒေါက်တာမြင့်ချို က ပြောပါတယ်။

“သြစတေးလျ စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ သွားပြီးလုပ်ကိုင်ဖို့အတွက်တော့ တွန်းအားပေးနေတာကို တွေ့ရတယ်။ ကျနော်တို့ဘက်ကလည်း တခါ သူတို့ ကိုပြန်ပြီးတော့ နိုင်ငံတကာက ပြဌာန်းထားတဲ့ လမ်းညွန်မူဝါဒတွေအတိုင်းပေါ့လေ။ စံချိန်စံညွန်းနဲ့ အညီ လူ့အခွင့်အရေးကို လေးစားတဲ့ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်မှုရှိတဲ့ စီးပွားရေး လမ်းညွန် မှုဝါဒတွေကို လိုက်နာကျင့်သုံးပြီးမှ စီးပွားရေးလုပ်သင့်တယ်ဆိုတဲ့ အပိုင်းတွေ ကျနော်တို့ ပြောထားတဲ့အခါကျတော့ ဒီအပေါ်မှာတော့ ကျနော်တို့ ဒီ Guide လိုင်းတွေကို လိုက်နာတဲ့အနေအထားကိုတော့ အားပေးလိုက်မယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

သြစတြေးလျဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဗီယန်ကျင်းမြို့က မြန်မာသံရုံးကိုရော သြစတြေးလျသံရုံးကိုပါ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကိုသာ အတည်ပြုချက်ရခဲ့ပြီး ကျန်တဲ့အသေးစိတ် တွေကို မသိရပါဘူး။

သြစတြေးလျအစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ ABC သတင်းဌာနရဲ့ အွန်လိုင်းသတင်းထဲမှာတော့ သမ္မတ ဦးသိန်းစိန်ကို ရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ သြစတြေးလျနိုင်ငံဆီ လာရောက်ဖို့ ဝန်ကြီးချုပ် Ms Gillard က ဖိတ်ကြားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
XS
SM
MD
LG