သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ မြန်မာ စစ်ရေး ဆက်ဆံမှု တိုးမြှင့်


သြစတေးလျ တော်ဝင်ရေတပ် စစ်သင်္ဘော HMAS Childers။ (Photo Credit to Royal Australian Navy Website)
သြစတေးလျ တော်ဝင်ရေတပ် စစ်သင်္ဘော HMAS Childers။ (Photo Credit to Royal Australian Navy Website)
သြစတေးလျနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအသစ် ခန့်အပ်ပြီး စစ်ရေးအရ ဆက်ဆံမှုကို ပြန်လည် တည်ထောင်လိုက်ပြီ ဖြစ်တာကြောင့် သြစတေးလျ တော်ဝင်ရေတပ်က ဗိုလ်မှူးကြီး Jon Dudley ဟာ စစ်သံမှူး အသစ်အဖြစ်နဲ့ ဒီကနေ့ ရန်ကုန်မြို့ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရာထူးဟာ ၁၉၇၉ ခုနှစ်ကတည်းက လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး Jon Dudley ဟာ သြစတေးလျ စစ်သံမှူးအဖြစ် ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ရေတပ် သံမှူးအဖြစ်နဲ့လည်း အင်ဒိုနီးရှားနိုင်ငံမှာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ အခုလို စစ်သံမှူး ရောက်ရှိတာဟာ ရန်ကုန်ဆိပ်ကမ်းကို သြစတေးလျက တော်ဝင်ရေတပ်စစ်သင်္ဘော HMAS Childers ရောက်ရှိတာနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၅၉ ခုနှစ်က သြစတေးလျ ရေတပ်စစ်သင်္ဘော HMAS Quiberon မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ရောက်လာခြင်းလည်း ဖြစ်ပါတယ်။

သင်္ဘောသား ၂၁ ဦးပါဝင်တဲ့ ဒီရေတပ်စစ်သင်္ဘော မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ ရောက်ရှိလာတဲ့အပေါ် သြစတေးလျ ယာယီ ကာကွယ်ရေးဝန်ကြီး အထက်လွှတ်တော်အမတ် George Brandis က ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာပြီးနောက်ပိုင်း သြစတေးလျက စစ်ရေးအရ ဆက်ဆံမှုတွေ တဖြည်းဖြည်းချင်း တိုးမြင့် လုပ်ဆောင်လာနေတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒီ HMAS Childers စစ်သင်္ဘောဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းကို သွားရောက်မှာဖြစ်ပြီး အဲဒီကမှ အံတမန်ကျွန်းမှာ အိန္ဒိယရေတပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရေတပ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာဖြစ်ပါတယ်။

သြစတေးလျနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြင့်လုပ်ဆောင်လာနေတာမှာ ၂၀၁၃ ခုနှစ်က ကုန်သွယ်ရေး ကော်မရှင်နာရုံး ရန်ကုန်မြို့မှာ ဖွင့်လှစ်တဲ့အထိ တိုးမြင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးတဲ့အနေနဲ့ရော၊ မြန်မာစစ်တပ် စံမှီတဲ့ စစ်တပ် ဖြစ်လာစေရေးအတွက်ပါ ရည်ရွယ်ပြီး သြစတေးလျက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စစ်ရေးအရ ပိတ်ဆို့အရေးယူမှု တချို့ကိုလည်း အကန့်သတ်နဲ့ လျော့ချပေးနေတာ ဖြစ်ပါတယ်။

တဖက်က မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့ရောင်းချမှုကို သြစတေးလျက ကနေ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပေမယ့် ခရီးသွားခွင့်နဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။
XS
SM
MD
LG