သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ရေတပ်ကင်းလှည့်ရေယာဉ် မြန်မာပြည်ချစ်ကြည်ရေးခရီး


သြစတြေးလျ တော်ဝင်ရေတပ် စစ်သင်္ဘော HMA Childers (Photo Credit to Royal Australian Navy Website)
သြစတြေးလျ တော်ဝင်ရေတပ် စစ်သင်္ဘော HMA Childers (Photo Credit to Royal Australian Navy Website)
သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပိုပြီး ကောင်းမွန်တိုးတက်လာတဲ့ လက္ခဏာရပ်အနေနဲ့ အပြန်အလှန် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လာတာ တွေ့ရပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျ စစ်သင်္ဘောတစင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိလာသလို၊ နှစ် ၄၀ ကျော်ကြာ လစ်လပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ စစ်သံမှူးသစ်ကိုလည်း ခန့်အပ်ထားလိုက်ပါပြီ။ ဗွီအိုအေ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၁၉၇၉ ခုနှစ်ကတည်းက လစ်လပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ စစ်သံမှူးနေရာမှာ သြစတြေးလျ ရေတပ်ဗိုလ်မှူးကြီး Jon Dubley ကို ခန့်အပ်လိုက်ပြီး၊ သြစတြေးလျ စစ်သံရုံးကို ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

သြစတြေးလျ ရေတပ်ဗိုလ်မှူးကြီး Jon Dubley ဟာ အရင်တုန်းက ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ အခု မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိနေပြီဖြစ် ပါတယ်။

တချိန်တည်းဆိုသလိုပဲ သြစတြေးလျ ရေတပ် ကင်းလှည့်ရေယာဉ် HMAS Childers ဟာဆိုရင်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် သဘောမျိုးနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးဖြစ်တဲ့ Mark Dodd က ဗွီအိုအေကို ပြောပါတယ်။

“သင်္ဘောဟာ အဲဒီမှာ ၄ ရက်ကြာရှိနေမှာပါ။ ဒါဟာ ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး ၁၉၅၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးလာရောက်တဲ့ သြစတြေးလျ စစ်သင်္ဘောဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတာတွေ မပါဝင်ပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အပေါ်မှာ ဒီချစ်ကြည်ရေးခရီးစဉ် ဖြစ်လာတာပါ။ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အခု စစ်သင်္ဘောလာရောက်တာအပြင်၊ ၁၉၇၉ ခုနှစ်ကတည်းက လစ်လပ်သွားတဲ့ စစ်သံမှူးနေရာ ခန့်ထားလိုက်ပါပြီ။”

သြစတြေးလျ ကင်းလှည့်စစ်သင်္ဘော HMA Childers ဟာ မြန်မာနိုင်ငံကို မနေ့က စတင်ရောက်ရှိပြီး၊ ရန်ကုန် သီလဝါဆိပ်ကမ်းမှာ ၄ ရက်ကြာ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာဆိုရင် ၁၉၅၉ ခုနှစ်တုန်းက HMAS Quiberon မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးကတည်းကဆိုရင် မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိတဲ့ သြစတြေးလျ စစ်သင်္ဘောဖြစ်ပါတယ်။

သြစတြေးလျနဲ့ မြန်မာ အခုလို စစ်ဘက်ဆက်ဆံမှုတွေ စတင်လိုက်တဲ့အပေါ်မှာတော့ လူ့အခွင့်အရေးအဖွဲ့အချို့ကတော့ စိုးရိမ်မကင်း ရှိကြပါတယ်။ မြန်မာစစ်တပ်ကို လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ပိုပြီး တိမ်းညွတ်လာအောင် တွန်းအားပေးဖို့ လိုမယ်လို့ သြစတြေးလျအခြေစိုက် Burma Office ညွန်ကြားရေးမှူး ဦးမြင့်ချိုက ပြောပါတယ်။

“သြစတြေးလျအစိုးရအနေနဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရကို သံတမန်ဆက်ဆံတာတွေ၊ စီးပွားရေးအရ လမ်းဖွင့်တာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ အပြုသဘောနဲ့ ကြိုဆိုခဲ့ဖူးပါတယ်။ အခု စစ်ရေးအရ ဆက်ဆံရေးတွေ ပြန်လည် ထူထောင်လိုက်တာကတော့ မြန်မာနိုင်ငံမှာ လက်ရှိ တပ်မတော်ကနေ လူ့အခွင့်အရေးတွေ ပိုမို လေးစားလာအောင်၊ ပြုပြင်ပြောင်း လဲရေးတွေကို ပိုပြီးတော့ ထောက်ခံလာအောင်၊ နောက် လူထုက တောင်းဆိုနေ တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွေမှာ ပိုပြီးတော့ ပါဝင် လုပ်ဆောင်လာအောင် တွန်းအားပေးမယ်ဆိုတော့ ဒီ စစ်ရေးဆက်ဆံမှုတွေဟာ သြစတြေးလျအတွက်ရော၊ မြန်မာပြည်သူတွေအတွက်ရော အကျိုးရှိမယ်လို့ ကျနော် ထင်ပါတယ်။ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ခုနပြောတဲ့ အချက်အလက်တွေကို ပါဝင် ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်လာဘူးဆို ရင်တော့စစ်တပ်ကို အားရှိအောင် လုပ်ပေးသလိုပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပေမဲ့လည်း၊ မြန်မာနိုင်ငံရေးမှာ မြန်မာစစ်တပ်ရဲ့အခန်းကဏ္ဍဟာ အတော်လေး နေရာယူထားဆဲပါ။ ဒါကြောင့်လည်း အပြောင်းအလဲတွေ ပိုဖြစ်အောင် မြန်မာစစ်တပ်ကို ဖိအားပေးသင့်တယ်လို့ ယူဆသလို၊ ထိစပ်ဆက်ဆံပြီး စည်းရုံးပြောဆိုသင့်တယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။

လက်ရှိအားဖြင့်တော့ သြစတြေးလျ အပါအဝင် အနောက်နိုင်ငံတွေဟာ မြန်မာ စစ်တပ်နဲ့ စတင်ထိစပ် ဆက်ဆံမှုတွေ ရှိနေပါပြီ။ စစ်ရေးအကူအညီ သဘောတော့မဟုတ်ဘဲ သင်တန်းတွေ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ များပါတယ်။

အခု သြစတြေးလျ စစ်ရေယဉ် မြန်မာနိုင်ငံရောက်ရှိလာတာဟာ မြန်မာနိုင်ငံ
တွင်း ပြောင်းလဲမှုတွေကြောင့် နှစ်နိုင်ငံအကြား ကျယ်ပြန်တဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာတာဆိုပြီး သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ကရော နိုင်ငံခြားရေးဌာနက ကြိုဆိုခဲ့ကြပါတယ်။

သြစတြေးလျ စစ်သင်္ဘောဟာ မြန်မာနိုင်ငံမှာ လေးရက်ကြာ ရပ်နားပြီးရင်တော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်းဆိပ်ကမ်းကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီကနေ အိန္ဒိယသမုဒ္ဒရာထဲမှာ အိန္ဒိယရေတပ်က ကြီးမှူးလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ ရှိပါတယ်။
XS
SM
MD
LG