သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ကမ္ဘောဒီယားလက်ခံဖို့ရှိ


မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တဦး အပါအဝင် ဒုက္ခသည် ၄ ဦးဟာ သြစတေးလျနိုင်ငံ အစီအစဉ်နဲ့ ကမ္ဘောဒီယားနိုင်ငံကို သွားရောက်အခြေချ နေထိုင်တော့မယ်လို့ သြစတေးလျ သတင်းတွေက ဖော်ပြနေပါတယ်။ သူတို့ ၄ ဦးကို Nauru နိုင်ငံကနေ အခု သြစတေးလျနိုင်ငံ ဒါဝင်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းကို ခေါ်ယူထားပြီး၊ လာမယ့် သီတင်းနှစ်ပတ်အတွင်း ကမ္ဘောဒီယားနိုင်ငံကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သူတို့တဦးချင်းအတွက် ဒေါ်လာ တသောင်းငါးထောင်ပေးပြီး၊ အလုပ်အကိုင်၊ နေစရာအိမ်၊ အမြဲတမ်းနေထိုင်ခွင့် ဗီဇာနဲ့ တခြားအခွင့်အလမ်းတွေလည်း ဖန်တီးထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနိုင်ဖို့ စီစဉ်ဆောင်ရွက် ပေးနေပါတယ်ဆိုတာကို သြစတေးလျ လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရသူက ဝန်ခံထားပေမဲ့ အသေးစိတ်ပြောဖို့ ငြင်းထားတယ်လို့ Sydney Morning Herald က ရေးပါတယ်။ ကမ္ဘောဒီယားဖက်ကတော့ သီးခြားအတည်ပြုချက် မရှိသေးပါဘူး။

သြစတေးလျနိုင်ငံ အနေနဲ့ သူ့ဆီခိုလှုံဖို့လာတဲ့ ဒုက္ခသည်တွေကို Nauru နိုင်ငံမှာ ယာယီထားပြီး တခြားနိုင်ငံတွေကို ရွှေ့ပြောင်းအခြေချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတာပါ။ သြစတေးလျအစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး နိုင်ငံတကာ အကူအညီအတော်များများကို လျှော့ချခဲ့ပေမဲ့၊ ကမ္ဘောဒီယားနိုင်ငံကိုတော့ အကူအညီမလျှော့တဲ့အပြင်၊ ဒုက္ခသည်တွေ လက်ခံပေးဖို့ အစီအစဉ်အတွက် နောက်ထပ် ဒေါ်လာ သန်း ၄၀ ထောက်ပံ့ကူညီဖို့ ကတိပြုထားတယ်လို့ Sydney Morning Herald က ရေးထားပါတယ်။

ကမ္ဘောဒီယားအတိုက်အခံတွေကတော့ ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ သြစတေးလျနဲ့ ဒီသဘောတူညီချက် အပေါ်မှာ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG