သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုထောက်ပံ့ငွေ ကန် ဒေါ်လာသန်း ၄၀ ကျော် သြစတြေးလျ ဖြတ်တောက်


မြန်မာကိုထောက်ပံနေတဲ့အကူအညီတွေထဲက ကျန်းမာရေးဆိုင်ရာထောက်ပံငွေ အမေရိကန်ဒေါ်လာသန်း (၄၀)ကျော်ကို ဖြတ်တောက်မယ်ဆိုတဲ့ သြစတြေးလျအစိုးရရဲ့ကြေညာချက်ကို 3MDG ရံပုံငွေအဖွဲ့ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဖွံဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့ လိုအပ်နေတဲ့ နိုင်ငံတကာရံပုံငွေတွေလျော့ကျသွားတာကြောင့် ပြည်သူတွေအပေါ် ပိုပြီးထိခိုက်နစ်နာလာမှာကို လူထုအခြေပြုအဖွဲ့အစည်းတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

သြစတြေးလျဝန်ကြီးချုပ် Tony Abott ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကနေ နိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြမှုကြောင့် နိုင်ငံခြားထောက်ပံ့ပေးရေး ရန်ပုံငွေတွေကို ဖြတ်တောက်ရာမှာ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့အထဲက ကျန်းမာရေးဆိုင်ရာထောက်ပံ့ငွေကို အဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ကြီးက ဇွန်လ (၈)ရက်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို အကူအညီပေးနေတဲ့ 3MDG ရန်ပုံငွေအဖွဲ့ကို သြစတြေးလျအပါအဝင် ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေက ထောက်ပံထားတာပါ။ ဒီရန်ပုံငွေအဖွဲရဲ့ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ သြစတြေးလျဟာ ဒုတိယအကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း (၅ဝ) နီးပါး ထောက်ပံခဲ့ပြီးပါပြီ။

ဒါပေမဲ့ လက်ရှိ သြစတြေးလျညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားထောက်ပံ့ငွေ ဒေါ်လာ (၁၁) ဘီလီယံဖြတ်တောက်မယ်ဆိုတဲ့ မေလ (၁၂) ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ 3MDG ရန်ပုံငွေအဖွဲ့ကို နောက်ထပ်ထောက်ပံ့မယ့် အမေရိကန်ဒေါ်လာ ၄၂ သန်းကို ပေးဖို့ အစီအစီစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။ အခုလိုထောက်ပံ့ငွေတွေ ဖြတ်တောက်ခံရမှာကြောင့် မြန်မာပြည်သူတွေ ထိခိုက်နစ်နာမှာကို စိုးရိမ်မိတယ်လို့ သြစတြေးလျအခြေစိုက် မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရက သူတို့မှာ ဘတ်ဂျက်လိုငွေဒေါ်လာ ၃၅ ဘီလျံလောက်ရှိနေတယ်ဆိုပြီးတော့ ဒါကို သူတို့ပြန်ပြီးတော့ လျှော့ချချင်တဲ့ အတွက်ကြောင့်ဆိုပြီးတော့ ပြည်ပနိုင်ငံတွေကနေပေါ့နော်- သူတို့ကတဆင့်ပေးနေတဲ့အကူအညီတွေကို တော်တော်များများ လျှော့မယ်ဆိုပြီးတော့ သူတို့ ကြေညာတယ်ပေါ့။ ဒီအထဲမှာ အာဖရိကနိုင်ငံတွေက ရနေတဲ့အကူအညီတွေထဲကနေ ၈၀ % ကျော်တောင်မှ သူတို့က လျှော့ချမယ်။ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ ဖိလစ်ပိုင်တို့၊ မြန်မာနိုင်ငံတို့ကို ပေးနေတဲ့အကူအညီတွေကတော့ ရာခိုင်နှုန်း ၄၀ ဖြတ်တောက်မယ်လို့ ကျနော်တို့သိရတယ်။ အထူးသဖြင့် မကြာသေးခင်က သူတို့ကြေညာသွားတဲ့ထဲမှာပေါ့နော်၊ 5MDG Fund ပေးထားတဲ့ငွေတွေကို တော်တော်များများ အခုသူတို့ မထည့်နိုင်တော့ဘူးဆိုပြီးတော့ သူတို့ ကြေညာလိုက်တာပေါ့နော်။ ဒီပေါ်မှာ မှီခိုအားထားနေရတဲ့မြန်မာပြည်သူတွေ၊ ကိုယ်ခံစွမ်းအားကျရောဂါသည်တွေ၊ ငှက်ဖျားရောဂါသည်တွေ၊ တီဘီရောဂါသည်တွေ အများကြီးနစ်နာ ဆုံးရှုံးသွားမှာကို ကျနော်တို့က စိတ်မကောင်းဘူး၊ ဒီအတွက်လည်း ကျနော်တို့က အများကြီး အခက်အခဲတွေ ရှိလာမယ်လို့ ကျနော်တို့ စိုးရိမ်ပူပန်မိတယ်ခင်ဗျ။”

သြစတြေးလျနိုင်ငံရဲ့ ODA ဖွံဖြိုးမှုအထောက်အကူပေးရေး အစီအစဉ်အရ ၂၀၁၅-၂၀၁၆ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပညာရေး၊ စိုက်ပျိုးရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူသားချင်စာနာမှုအကူအညီတွေ ပေးဖို့ အမေရိကန်ဒေါ်လာ (၄၂) သန်းကျော် လျာထားတယ်လို့ သြစတြေးလျအစိုးရကပြောပါတယ်။ ဒါအပြင် ၂၀၁၅-၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံကိုပေးမယ့်ထောက်ပံရေးအစီအစဉ်တွေကို သြစတြေးလျအစိုးရဟာ မြန်မာအစိုးရနဲ့ ပြောဆိုတိုင်ပင်နေဆဲဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်တွေမချရသေးဘူးလို့ ODA ရဲ့ပြောခွင့်အမျိုးသမီးကပြောပါတယ်။

မကြာသေးခင်ကဘင်္ဂလားပင်လယ်အော်မှာ လှေစီးပြေးဒုက္ခသည်အရေးပေါ်ပေါက်ခဲ့ပြီးနောက် ရခိုင်နဲ့ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာတဲ့ထောက်ပံမှုအစီအစဉ်မှာ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ (၆)သန်းကူညီမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့ကပြောဆိုခဲ့ပါတယ်။

အလှုရှင်နိုင်ငံတွေအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် သူတို့ထောက်ပံငွေတွေကိုဖြတ်တောက်တဲ့အခါမှာ နယ်ပယ်အသီးသီးမှာ အရှိန်အဟုတ်မပြတ်ဆောင်ရွက်နိုင်အောင် မြန်မာအစိုးရအနေနဲ့ နည်းလမ်းတွေ ရှာဖွေထားဖို့လိုတယ်လို့မင်္ဂလာမြန်မာအဖွဲ့ရဲ့ညွန်ကြားရေးမှုး ဒေါက်တာဖုန်းဝင်းကပြောပါတယ်။

“လျော့သွားတဲ့အထောက်အပံ့နေရာမှာကတော့ သိပ်အရေးမကြီးတာတွေကို လျှော့သုံးပြီးတော့ တကယ်အရေးကြီးတဲ့ကဏ္ဍတွေမှာတော့ မလျှော့ဘဲနဲ့ ဒီအတိုင်း ဆက်သုံးဖို့ ကြိုးစားရမှာပေါ့လေ။ ကျနော်တို့ မြန်မာပြည်ကလူတွေလည်း သတိထားရမှာပဲပေါ့လေ။ အလှူရှင်ဆီက ရတဲ့ငွေဟာ အချိန်မရွေးအဖြတ်ခံရနိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတိထားရမှာပေါ့လေ။”

သြစတြေးလျအစိုးရက အခုလို ကူညီရေးထောက်ပံငွေ လျော့ကျလိုက်တာကြောင့် သြစတြေးလျကြက်ခြေနီအသင်းအပါအဝင် အခြားလူမှုအဖွဲ့အစည်းတွေက စေတနာ့ဝန်ထမ်းတွေရဲ့ မြန်မာနိုင်ငံလာမယ့်အစီအစဉ်တွေကိုလည်း ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။

3MDGရံပုံငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သြစတြေးလျရဲ့ထောက်ပံငွေဖြတ်တောက်မှုကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ကျန်းမာရေးဆိုင်ရာထောက်ပံနေတဲ့အစီအစဉ်တွေကို ချက်ချင်းလက်ငင်း သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အရင်က ရပ်ဆိုင်းထားတဲ့ 3-D Fund နေရာမှာ 3MDG ရံပုံငွေအဖွဲ့ကြီးက ၂၀၁၂ ခုနှစ်မှာ အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီရန်ပုံငွေ အဖွဲ့ကြီးကနေ မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ မွေးကင်းစတွေနဲ့ ကလေးငယ် ကျန်းမာရေးအပါအဝင် HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးစနစ်အားဖြည့်ပေးရေး စတာတွေကို ထောက်ပံကူညီပေးနေတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအကြီးဆုံးနိုင်ငံခြားထောက်ပံမှုရံပုံငွေအဖွဲကြီးဖြစ်တဲ့ 3MDG အနေနဲ့ ၂၀၁၂ ကနေ ၂၀၁၆ခုနှစ်အထိ ကျန်းမာရေးကဏ္ဍမှာထောက်ပံကူညီဖို့ အဓိကအလှုရှင်နိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ သန်း ၃၃၀ လက်ခံရရှိခဲ့ပါတယ်။

XS
SM
MD
LG