သြစတြေးလျနိုင်ငံမှာ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေ ဒီကနေ့ စနေနေ့မှာ အဆုံးသတ်သွားပြီးတဲ့နောက် ပြတ်ပြတ်သားသား အနိုင်ရသူမရှိဘဲ လွှတ်တော်တရပ် ပေါ်ပေါက်လာမယ့်အရေး ရင်ဆိုင်နေရပါတယ်။ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ့်ဒ် (Julia Gillard) ဦးဆောင်တဲ့ လေဘာပါတီ ဒါမှမဟုတ် တိုနီ အက်ဘော့တ် (Tony Abbott) ဦးဆောင်တဲ့ အတိုက်အခံ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအဖွဲ့ဟာ မဲအရေအတွက် အနည်းငယ်အသာနဲ့ အနိုင်ရဖွယ်ရှိတယ် ဆိုတာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေနဲ့ မဲအရေအတွက် တစိတ်တပိုင်းကို ရေတွက်အပြီး ရလာဒ်တွေက ပြနေပါတယ်။
အောက်လွှတ်တော်အမတ်နေရာ ၁၅၀ နဲ့ အထက်လွှတ်တော်အမတ် ၇၆ နေရာတို့အတွက် ယှဉ်ပြိုင် ရွေးကောက်ခံကြတာ ဖြစ်ပါတယ်။ မဲအရေအတွက် ထက်ဝက်ကျော်ကို ရေတွက်ပြီးချိန်မှာ ပတ်ဝန်းကျင်ရေးရာ ဦးစားပေးတဲ့ Green ပါတီက ၁၁ ရာခိုင်နှုန်း ကျော်ရပြီး လွှတ်တော်အမတ် တနေရာကိုပဲ ရထားပါတယ်။ အစဉ်အလာအားဖြင့်တော့ Green ပါတီဟာ လေဘာပါတီကို ထောက်ခံတဲ့ပါတီပါ။
လေဘာပါတီ အနိုင်ရမယ်ဆိုရင်တော့ မစ္စ ဂီးလာ့ဒ်ဟာ သြစတြေးလျနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါလိမ့်မယ်။
အာဏာရ လေဘာပါတီအပေါ် လူထုထောက်ခံမှု ကျဆင်း လျော့နည်းကျဆင်းသွားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်လက လေဘာပါတီခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ်ဟောင်း Kevin Rudd ကို အစားထိုး တာဝန်ယူခဲ့တာဖြစ်ပါတယ်။