သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ဝန်ကြီးချုပ်လောင်း ၂ ဦး အစိုးရဖွဲ့ရေး ညှိနှိုင်း


စနေနေ့က ကျင်းပခဲ့တဲ့ သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲတွေမှာ ပြတ်ပြတ်သားသား အနိုင်မရဘဲ ဖြစ်ခဲ့ကြပြီးတဲ့နောက် ပါတီငယ်တွေနဲ့ မဟာမိတ် ဖွဲ့နိုင်ရေး ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်နေသူ ကိုယ်စားလှယ်လောင်း ၂ ဦးတို့ ဒီကနေ့ လုပ်ဆောင်ခဲ့ကြပါတယ်။

လူနည်းစု အစိုးရ ဖွဲ့စည်းနိုင်ရေး ကိစ္စအတွက် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်၊ Greens ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁ ယောက်တို့နဲ့ ကနဦး တွေ့ဆုံ ဆွေးနွေးတာတွေ ဒီကနေ့ လုပ်ခဲ့ပေမဲ့ သဘောတူညီချက်တော့ မရသေးဘူးလို့ လေဘာပါတီက လက်ရှိဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) က ပြောပါတယ်။

အတိုက်အခံ Liberal-National ပါတီခေါင်းဆောင် တိုနီ အက်ဘော့တ် (Tony Abbott) က သူလည်း တသီးပုဂ္ဂလ အမတ်တွေဆီ ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။ လူထုက အစိုးရ အပြောင်းအလဲ ဖြစ်ချင်နေတယ်ဆိုတာ အပြတ်အသတ် မဖြစ်တဲ့ ရွေးကောက်ပွဲ ရလဒ်က သက်သေပြနေတယ်လို့ သူက ပြောပါတယ်။

အစိုးရသစ် ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အများစု လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၇၆ ယောက်ကို ဘယ်ပါတီကမှ အနိုင်ရဖွယ် မရှိဘူးဆိုတာ စနေနေ့ ရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ် တစိတ်တပိုင်းက ပြနေပါတယ်။

တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မယ် ဆိုတာ သိနိုင်ဖို့ ရက်အတော်ကြာဦးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG