သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ အာဏာညှိယူရမယ့် လွှတ်တော်ဖွဲ့ရေး အလားအလာရှိ

သြစတြေးလျနိုင်ငံမှာ စနေနေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ရာမှာ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပေမယ့် ဘယ်ပါတီကမှ ပြတ်ပြတ် သားသား အနိုင်မရတဲ့အတွက် ဘယ်သူကအုပ်ချုပ်မှုကို ဦးဆောင်မယ်ဆိုတာကို သိရဖို့ ရက်အတော်ကြာအချိန်ယူရအုံးမယ်လို့ သြစတြေးလျ အစိုးရအရာရှိတွေက ပြောပါတယ် ။

မဲတချိူ့တဝက်ကို ရေတွက်အပြီးမှာတော့ လက်ရှိဝန်ကြီးချုပ် ဂျူလီယာ ဂီးလ့်ဒ် (Julia Gillard) ဦးဆောင်တဲ့ လေဘာပါတီ ကရော၊ တိုနီ အက်ဘော့တ် (Tony Abbott) ဦးဆောင်တဲ့ အတိုက်အခံ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအဖွဲ့ကပါ မဲအရေအတွက် ပြတ်ပြတ်သားသားနဲ့ အနိုင်မရသေးတာကိုတွေ့ရတဲ့အတွက် အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ ဦးဆောင်မယ့် ပါတီဟာ ဘယ်ပါတီဖြစ်လာမယ် ဆိုတာ မသဲကွဲသေးပါဘူး။

ဒါ့ကြောင့် အောက်လွှတ်တော်အမတ်နေရာ ၁၅၀ မှာပါဝင်တဲ့ အနည်းစုပါတီဖြစ်တဲ့ Green ပါတီကအမတ်တွေနဲ့ ပါတီမဖွဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေ လက်ထဲမှာ အာဏာချိန်ခွင်လျှာညှိရမယ့် လွှတ်တော်တရပ်ဖြစ်လာဖို့ အလားအလာများနေတယ်လို့ သုံးသပ်သူတွေက မြင်ပါ တယ်။ ဒီခြေအနေရောက်လာရင် သြစတြေးလျနိုင်ငံမှာ နှစ်ပေါင်း၇၀ အတွင်း ပထမဆုံး Hung Parliament လို့ ခေါ်တဲ့ လူနည်းစုအမတ်တွေရဲ့ ဆုံးဖြတ်မှု အရေးပါတဲ့ လွှတ်တော်တရပ် ပေါ်ပေါက်လာ ဖို့ရှိပါတယ်။

မစ္စ Gillard ကတော့ စနေနေ့ရွေးကောက်ပွဲဟာ သူမသာကိုယ်မသာအခြေနေမို့ ရလာဒ်မှန်ကိုသိရဖို့ အတွက် ရက်အတော်ကြာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ပြောပါတယ်။ ရွေးကောက်ပွဲရလာဒ်ကို မသိရခင်အချိန်အတွင်း သူမအနေနဲ့ ခိုင်မာတည်ငြိမ်တဲ့ အစိုးရ တရပ်အဖြစ်ရပ်တည်ပြီး လုပ်ဆောင်ပေးမယ်လို့လဲပြောပါတယ်။

Mr. Abbott ကတော့ အခုရွေးကောက်ပွဲကနေ လက်ရှိ လေဘာပါတီရဲ့ တရားဝင်ရပ်တည်မှု မခိုင်မြဲတာကို အသေအချာ ပြသရာ ရောက်နေတယ်လို့ ပြောပါတယ်။ လေဘာပါတီ အနိုင်ရမယ်ဆိုရင်တော့ မစ္စ ဂီးလာ့ဒ်ဟာ သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါလိမ့်မယ်။ သူမဟာ အာဏာရ လေဘာပါတီအပေါ် လူထုထောက်ခံမှု လျော့နည်း ကျဆင်းသွားခဲ့တဲ့ လေဘာပါတီခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ဟောင်း Kevin Rudd နေရာမှာ လွန်ခဲ့တဲ့ နှစ်လက အစားထိုး တာဝန်ယူခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG