သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျ ရွေးကောက်ပွဲ မဲရလဒ်တွေ စတင် ရေတွက်


ဂျူလိုင်လ ၁ရက်နေ့က ဆစ်ဒနီမြို့ Burwood ရပ်ကွက်တွင် ဒေသခံများကို နှတ်ဆက် စကား ပြောနေသော သြစတြေးလျ ၀န်ကြီးချုပ် Malcolm Turnbull ကိုတွေ့ရစဉ်။ (AP Photo/Rob Griffith)

သြစတြေးလျနိုင်ငံမှာ လူနည်းစု ပါတီတွေက လက်ရှိ အစိုးရကို ဖြုတ်ချနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲကို ဒီနေ့ စနေနေ့မှာ ကျင်းပခဲ့ပြီး၊ အခု အခါမှာ မဲရလဒ်တွေကို စပြီး ရေတွက်နေပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ သြစတြေးလျ နိုင်ငံသား အမြောက်အများ လာရောက် မဲပေးခဲ့ကြပါတယ်။

ရာသီဥတု ပြောင်းလဲမှု၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပညာရေး ကဏ္ဍတွေဟာ ဒီရွေးကောက်ပွဲ အတွက် အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပေမယ့်၊ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ ဆိုတာ ကိုတော့ စီးပွားရေး ကိစ္စက အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဥရောပ သမဂ္ဂကနေ ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် သြစတြေးလျမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပြီး၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ စီးပွားရေးအရ လုံခြုံ စိတ်ချရဖို့ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေရဲ့ အဓိက အကြောင်းအရာအဖြစ် စည်းရုံးခဲ့ကြတာပါ။

လက်ရှိ ၀န်ကြီးချုပ် Malcolm Turnbull က သူ့ရဲ့ သဘောထား မတင်းမာတဲ့ လက်ယာယိမ်း ညွှန့်ပေါင်းအစိုးရကသာ နိုင်ငံအတွက် လိုအပ်နေတဲ့ တည်ငြိမ်မှုကို ပေးနိုင်မယ်လို့ ပြောပါတယ်။

အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် Bill Shorten ကတော့ လက်ရှိ ၀န်ကြီးချုပ်ဟာ နှုတ်ထွက်သွားရတဲ့ ဗြိတိန် ၀န်ကြီးချုပ်လိုပဲ ပျော့ညံ့တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံမှာ လူတိုင်း မဖြစ်မနေ မဲပေးရတဲ့အတွက်၊ မဲလာထည့်သူ အရေအတွက်ဟာ မြင့်မားသလိုပဲ၊ ရွေးကောက်ပွဲ ရလဒ်ကလဲ သိပ်ကို အရေးကြီးပါတယ်။

စနေနေ့က ကျင်းပတဲ့ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးပါတီတွေရဲ့ ရက်သတ္တပတ် ရှစ်ပတ်ကြာ မဲဆွယ် စည်းရုံးမှုတွေ ပြီးဆုံးသွားချိန်မှာ လူထုအမြင် စစ်တမ်းတွေအရ အဓိက ပါတီတွေဟာ တစ်ခုနဲ့ တစ်ခု မတိမ်းမယိမ်း အခြေအနေသာ ရှိနေပါတယ်။

XS
SM
MD
LG