မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး အလေးထား ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ဒုက္ခသည်သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအပေါ် နိုင်ငံတကာက ဖိအားတိုးမြင့် ပေးနေချိန်မှာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်အတွင်း ရိုဟင်ဂျာအရေး ဖိအားပေး ပြောဆိုဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International Australia ကလည်း ၀န်ကြီး Pyane ကို တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီး Pyane ဟာ မနေ့ အင်္ဂါနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး Bawdupa ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သြစတြေးလျနိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်း အရင်ကတည်းက ထုတ်ဖော်ပြောဆိုထားသလို၊ သူ့ရဲ့ အခုခရီးစဉ်အတွင်း အိုးအိမ်မဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော်အတွက် အခြေခံလိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေး ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်း ၀န်ကြီး Payne က သူ့ရဲ့ခရီးစဉ်မတိုင်ခင် သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး ရေရှည် ခိုင်မာတဲ့ အဖြေတရပ် ရရှိနိုင်ဖို့ မြန်မာအစိုးရ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအစိုးရတွေနဲ့ သြစတြေးလျနိုင်ငံက အခိုင်အမာ ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။