သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များ ပြန်ပို့မည့် သြစတြေးလျ အစီအစဉ် ကုလ ဝေဖန်


ဒုက္ခသည်များ ပြန်ပို့မည့် သြစတြေးလျ အစီအစဉ် ကုလ ဝေဖန်

သြစတြေးလျနိုင်ငံတွင်း ခိုလှုံခွင့် လျှောက်ထားသူတွေကို ယာယီထိန်းသိမ်းတဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒကို ကုလသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ်တဦးက ဝေဖန် အပြစ်တင်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ ၆ ရက်ကြာ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က သြစတြေးလျနိုင်ငံရဲ့ ဒီမူဝါဒဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကျင့်ဝတ်တွေကို ဖောက်ဖျက်နေတယ်လို့ ပြောသွားတာပါ။ ဒါ့အပြင် သြစတြေးလျနိုင်ငံတွင်း ခိုလှုံခွင့် လျှောက်ထားတဲ့ လှေစီးပြေး ဒုက္ခသည် ၈၀၀ ကို မလေးရှားပြန်ပို့ဖို့ စီစဉ်နေတာကိုလည်း ဝေဖန်ပြီး ဒါဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြန်ပို့ခံရမယ့် လူတွေထဲမှာ မြန်မာနိုင်ငံက လှေစီးပြေး ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆစ်ဒနီမြို့ကနေ ဗွီအိုအေ သတင်းထောက် ဖေးလ် မာဆာ (Phil Mercer) သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပီလေးဟာ သြစတြေးလျ ခရီးစဉ်အတွင်း မြောက်ပိုင်း ဒါဝင်မြို့က လူဝင်မှု ကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း ၂ ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ခိုလှုံခွင့်ရဖို့ လျှောက်ထား စောင့်စားနေသူတွေရဲ့ အခြေအနေဟာ စိတ်ပျက်စရာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ ရှိတာကို မြင်တွေ့ရတယ်လို့ သူက ပြောပါတယ်။ အခုခရီးစဉ်ကို သြစတြေးလျ အစိုးရဘက်က ဖိတ်ကြားလို့ လာခဲ့တာပါ။

ပင်လယ်ပြင်ကနေ သြစတြေးလျ နိုင်ငံတွင်းကို ခိုးဝင်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့နဲ့ သြစတြေးလျမှာရှိတဲ့ ထိန်းသိမ်းရေး စခန်းတွေ အတွင်းက ခိုလှုံခွင့် လျှောက်ထားသူ ရာနဲ့ချီကို မလေးရှားနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ ကိစ္စတွေအပေါ် လာရောက် စစ်ဆေးတာ ဖြစ်ပါတယ်။

သြစတြေးလျအနေနဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ အခုလို လှေစီးပြေး ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်သလို တဘက်မှာတော့ မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ ၄,၀၀၀ ကိုတော့ လက်ခံသွားဖို့ ရှိပါတယ်။ ဒီအစီအစဉ်ဟာ သြစတြေးလျနိုင်ငံတွင်း လူကုန်ကူးမှု ကိစ္စတွေကို ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။ ငွေပေးပြီး သြစတြေးလျနိုင်ငံကို ပင်လယ်ပြင်ကတဆင့် သွင်းပေးနေတာတွေကို ဟန့်တားနိုင်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ထိခိုက်သွားနိုင်တယ်လို့ သြစတြေးလျဘက်က မျှော်လင့်ထားတာပါ။ ဒါပေမဲ့လည်း နာဗီ ပီလေးကတော့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

“မလေးရှားနိုင်ငံကို ဒီလူ ၈၀၀ ပြန်ပို့ဖို့ သြစတြေးလျဘက်က ဆောင်ရွက်နေတာဟာ ကျမအမြင်တော့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တာပါပဲ။ ညှဉ်းပန်းနှိပ်စက်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လက်မှတ်မထိုးထားတဲ့ နိုင်ငံကို ဒီဒုက္ခသည်တွေ ပြန်ပို့လို့ မဖြစ်ပါဘူး။ သူတို့အတွက် မလေးရှားမှာ ဘာအကာအကွယ်မှ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်တွေကို ကိုင်စွဲထားတဲ့ သြစတြေးလျတွေ အနေနဲ့ ဒီလိုကိစ္စမျိုးတွေ မလုပ်ဆောင်သင့်ပါဘူး။”

ဒါနဲ့ပတ်သက်လို့တော့ မစ်စ် ပီလေးဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ကိုသူရအောင်ကတော့ ဒီလူတွေကို နေရပ်ပြန်ပို့မယ်ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

“အဲဒီအထဲမှာ မြန်မာနိုင်ငံသားက ၃၀၀ ကျော်ကျော်၊ ၄၀၀ လောက် ပြန်ပါလိမ့်မယ်။ ကျနော်တို့ကို အကြောင်းပြချက်က လူကုန်ကူးမှု တိုက်ဖျက်ရေးတဲ့၊ ဒီလူတွေက ဒီနိုင်ငံမှာ ဒုက္ခတွေ အရမ်းရောက်တယ်၊ မလေးရှားနိုင်ငံမှာ Refugee အတွက် Protection မရှိဘူး၊ Immigration က ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ Rape လုပ်ခံရတယ်၊ နောက် ကြိမ်ဒဏ်တွေ အပြစ်ပေးခံရတယ်။ ဒါတွေကို သူတို့က မခံနိုင်လို့ ဒီကနေ စွန့်ခွာ ထွက်ပြေးသွားတာ။”

ခုန ပြန်ပို့ခံရမယ့် လူတွေကရော ဘယ်လိုပုံစံမျိုးနဲ့ သြစတြေးလျ ရောက်သွားတာလဲခင်ဗျ။

“သူတို့က မလေးရှားကနေ ထွက်ပြေးသွားတယ်။ အင်ဒိုနီးရှားရောက်တယ်၊ အင်ဒိုနီးရှားကနေမှ တဆင့်၊ ရောက်တဲ့လူ ရောက်တာ၊ ကြားထဲမှာ လှေပျက်ပြီး သေသွားတဲ့သူတွေရှိတယ်၊ ဒီလိုနဲ့ သူတို့အသက်ကို စွန့်ပြီး သွားကြတာ။”

လူကုန်ကူးတယ်လို့ ဆိုရအောင် လူကုန်ကူးတဲ့ ဂိုဏ်းတွေနဲ့ရော ပတ်သက်မှု ရှိလား။

“ဒါကတော့ ဘယ်လိုမှ ဒါနဲ့ပတ်သက်ပြီးတော့ ပြောလို့တော့ မရဘူး။ သူတို့က အင်ဒိုနီးရှား ရောက်သွားတယ်၊ အင်ဒိုနီးရှားမှာ ပွဲစားတွေ ရှိကောင်းလည်း ရှိနေလိမ့်မယ်။ ဒါပေမဲ့ သြစတြေးလျကနေပြီးတော့ လူကုန်ကူးမှု တိုက်ဖျက်ဖို့ဆိုပြီး အကြောင်းပြချက်တခု အနေနဲ့ မလေးရှားနဲ့ လက်ဝါးရိုက်ပြီးတော့ Refugee တွေကို ဒီပြန်ပို့တာလို့ပဲ ကျနော်တို့က ယူဆတယ်။”

မလေးရှားမှာရှိတဲ့ လူ့အခွင့်အရေး ရှေ့နေတွေကတော့ သြစတြေးလျသံရုံးကို ဒီနေ့ပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း စာပေးပို့ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားပေမဲ့ မလေးရှားနိုင်ငံကတော့ လက်မှတ် မထိုးထားပါဘူး။ ဒီလူတွေဟာ မလေးရှားရောက်ရင် တရားမ၀င် ၀င်ရောက်နေထိုင်သူတွေအဖြစ် အရေးယူခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျ မြောက်ပိုင်းကို ပင်လယ်ပြင်ကတဆင့် လှေစီးပြေး ဒုက္ခသည်တွေ ၀င်ရောက်မှုဟာ လက်ရှိအစိုးရ အတွက်တော့ အတော်လေး ကသိကအောင့် ဖြစ်နေရပါတယ်။ သြစတြေးလျ နယ်စပ်မျဉ်းတွေ မလုံခြုံမှုနဲ့ ပတ်သက်လို့ အတိုက်အခံတွေဘက်က စွပ်စွဲ တိုက်ခိုက်တာမျိုးတွေလည်း ကြုံနေရပါတယ်။

XS
SM
MD
LG