မြန်မာနိုင်ငံဆိုင်ရာ လက်ရှိ ဩစတြေးလျ သံအမတ်ကြီး မစ်စ် မစ်ရှဲလ် ချန်း (Ms. Michelle Chan) နေရာမှာ ရှေ့လာမယ့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကစပြီး သံအမတ်ကြီးသစ် မစ်စ် ဘရွန်တီ မူးလ်စ် (Ms. Bronte Moules) နဲ့ အစားထိုးမယ်လို့ ဩစတြေးလျ အစိုးရက ဒီနေ့ပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာချက်နဲ့အတူ ဩစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထားနဲ့ မူတွေကိုလည်း ဖော်ပြထားပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လက်ရှိ ဩစတြေးလျ သံအမတ်ကြီး မစ်ရှဲလ် ချန်းရဲ့ နေရာမှာ လာမယ့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကစပြီး မစ်စ် ဘရွန်တီ မူးလ်စ်နဲ့ အစားထိုးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြီး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ မစ်စ် မူးလ်စ် သံအမတ် ဖြစ်လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာက ရွေးကောက်ပွဲအပြီး အစိုးရသစ် ဖွဲ့မယ့်အချိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးအချိန် ဖြစ်နေတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေ သိသိသာသာ ပြန်ဖြစ်လာတဲ့ အနေအထားမှာ ရှိလေတော့ သူ့အနေနဲ့ ဒါတွေကို ကိုင်တွယ်ဖို့ ဘယ်လောက်အထိ အသင့်အနေအထားမှာ ရှိပါသလဲ။
ဩစတြေးလျနိုင်ငံမှာ အခြေစိုက်တဲ့ Burma Campaign အဖွဲ့က ဒေါက်တာ မြင့်ချိုကတော့ မစ်စ် မူးလ်စ်ဟာ မြန်မာ့အရေးကို ကိုင်တွယ်ဖို့အတွက် အတွေ့အကြုံရှိတဲ့ သံတမန်တဦး ဖြစ်တယ်လို့ ပြောပါတယ်။
“သံအမတ်သစ် မစ်စ် မူးလ်စ်က အာရှနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ အများကြီးရှိတဲ့ တကယ့် အကြီးတန်း သံတမန် အရာရှိပါ။ သူက အရင်တုန်းက နယူးဒေလီမှာလည်း သြစတြေးလျ သံအဖွဲ့မှာ တာဝန်ထမ်းခဲ့တယ်။ ပြီးတော့ နယူးယောက်ခ် ကုလသမဂ္ဂဆိုင်ရာ သံအဖွဲ့မှာလည်း တာဝန်ထမ်းခဲ့တယ်။ အခုနောက်ဆုံး ဘန်ကောက်မှာရှိတဲ့ သြစတြေးလျ သံရုံးရဲ့ ဒုတိယ တာဝန်ခံလည်း ဖြစ်တယ်။
“ဆိုတော့ သူ့ရဲ့ အတွေ့အကြုံတွေက ကုလသမဂ္ဂဆိုင်ရာ ကိစ္စတွေမှာရော အာရှမှာ အရေးပါတဲ့ အိန္ဒိယနဲ့ ဘန်ကောက်မှာရှိတဲ့ သံရုံးတွေမှာလည်း အမှုထမ်းခဲ့တာမို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံးဝ နီးစပ်မှုရှိတဲ့၊ မြန်မာပြည်အကြောင်းကိုလည်း အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဒါကြောင့် သံအမတ်ကြီး မစ်ရှဲလ် ချန်းလိုပဲ သံအမတ်သစ်ကြီး မစ်စ် မူးလ်စ်ဟာလည်း တကယ့်ကို တက်တက်ကြွကြွနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် တိုင်းရင်းသား ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာ့အရေးကို ပိုပြီး ကူညီသွားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
မစ်စ် မူးလ်စ်ဟာ ၁၉၉၀ ခုနှစ်ကတည်းက သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ စတင် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျ အမျိုးသား တက္ကသိုလ်ကနေလည်း Bachelor ဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ရှေ့လထဲ မြန်မာနိုင်ငံကို မသွားရောက်မီ သြစတြေးလျနိုင်ငံမှာရှိတဲ့ မြန်မာ့အရေး ဆောင်ရွက်သူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ဒေါက်တာ မြင့်ချိုက ပြောပါတယ်။
“ထုံးစံအရဆိုရင် သံအမတ်ကြီးတွေက မြန်မာပြည်ကို စပြီး တာဝန်မထမ်းခင်မှာ ကျနော်တို့ ဒီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်း ကိုယ်စားလှယ်တွေနဲ့ အမြဲတမ်း တွေ့ပါတယ်။ အခု သံအမတ်သစ် မစ်စ် မူးလ်စ်ဟာလည်း ကျနော်တို့နဲ့တွေ့ဖို့ ရှိပါတယ်။ ရန်ကုန်ကို လာမယ့်နှစ် မသွားခင်မှာ ကျနော်တို့နဲ့ တွေ့ပြီးတော့ မြန်မာ့အရေးကို သေချာဆွေးနွေးပြီး အကြံဉာဏ်တွေ ယူသွားဖို့ အစီအစဉ်တော့ ရှိပါတယ်။
“သြစတြေးလျမှာ မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ ပါမောက္ခ ရှောင်တာနဲလ် ပါမယ်၊ ပြီးတော့ ကမ်ပိန်းနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် လုပ်နေတဲ့ Burma Campaign က တာဝန်ရှိပုဂ္ဂိုလ် ပါမယ်၊ မြန်မာလူမျိုးစုတွေ ကိုယ်စား ကျနော်တို့ကိုယ်တိုင် တက်ရောက်ပြီး သံအမတ်ကြီး အဆင့်နဲ့ လက်ရှိ မြန်မာပြည်မှာ ကျနော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို တင်ပြမယ်၊ အကောင်းဆုံး သံအမတ်ကြီး အနေနဲ့ လုပ်နိုင်တဲ့ ကိစ္စ ၀ိစ္စတွေကို ကျနော်တို့ အကြံပြုမယ်၊ သံအမတ်ကြီးကလည်း သူ့ဘက်က အခြေအနေတွေ ကျနော်တို့ကို ပြန်ပြောပြပါလိမ့်မယ်။ အဲဒီတော့ တကယ်တွေ့ပြီးမှပဲ ကျနော်တို့ ဘာတွေဆွေးနွေးဖြစ်တယ် ဆိုတာကိုတော့ အသေးစိတ် ပြောပြနိုင်မှာပါ။”
အခုလို သံအမတ်သစ် ခန့်အပ်လိုက်တာဟာ လက်ရှိ သံအမတ်ကြီး မစ်ရှဲလ် ချန်းဟာ သူ့ရဲ့ ၃ နှစ်သက်တမ်း ပြည့်တော့မှာမို့ ဖြစ်တယ်လို့ ဒေါက်တာ မြင့်ချိုက ပြောပါတယ်။
သံအမတ်သစ် ခန့်အပ်တဲ့ ကြေညာချက်ထဲမှာ ဩစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ လက်ရှိသဘောထားနဲ့ မူတွေကိုလည်း ဖော်ပြထားပါတယ်။ သြစတြေးလျနိုင်ငံဟာ အာရှ၊ ပစိဖိတ်မှာ ရှိပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့မူဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ ပိုပြီးတော့ နီးစပ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ သြစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူနဲ့ ပတ်သက်ပြီး ထူးခြားပုံကို ဒေါက်တာ မြင့်ချိုက အခုလို ပြောပြပါတယ်။
“သြစတြေးလျ ယုံကြည်တာက ဘယ်အစိုးရတက်တက် အဲဒီအစိုးရကို သူတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကို ဝေဖန် ထောက်ပြပေမဲ့ သံတမန်ရေးရာတော့ အပြည့်အ၀ ဆက်ဆံမယ်။ တဘက်ကနေလည်း ပြည်သူလူထုကို မထိခိုက်တဲ့၊ အုပ်ချုပ်သူ လူတန်းစားနဲ့ အပေါင်းပါတွေကိုပဲ ထိခိုက်တဲ့၊ အဲဒီလူတွေကိုပဲ ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ ကိစ္စမျိုးတွေကိုတော့ တခြားနိုင်ငံနဲ့ စာရင် သူတို့က ပိုပြီးတော့ ထိထိရောက်ရောက်လုပ်တယ်။
“လက်နက် တင်ပို့ရောင်းချတဲ့ ကိစ္စတွေကို ပိတ်ပင်တယ်၊ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေကို ဗီဇာ ပိတ်ပင်တယ်။ ဒါမျိုးတွေကတော့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဆင်တူတယ် ဆိုပေမဲ့ ထိတွေ့ဆက်ဆံတဲ့ ကိစ္စကျတော့ အမေရိကန်တို့၊ ဥရောပသမဂ္ဂတို့နဲ့ စာရင် သြစတြေးလျက တက်လာတဲ့ အစိုးရ အဆက်ဆက်ရဲ့ ခေါင်းဆောင်တွေကို ထိတွေ့ဆက်ဆံတာ တခြားနိုင်ငံထက် ပိုများပါတယ်။”
ဩစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် လိုလားကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
၂၀၁၀-၂၀၁၁ ခုနှစ်တွင်းမှာ မြန်မာနိုင်ငံက ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေး စတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စတွေကို အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီ ပေးခဲ့တာကိုလည်း ဖော်ပြထားပါတယ်။