သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလ ဖိအားပေး ဆောင်ရွက်ဖို့ NSW လွှတ်တော် တိုက်တွန်း


မြန်မာ့အရေး ကုလ ဖိအားပေး ဆောင်ရွက်ဖို့ NSW လွှတ်တော် တိုက်တွန်း
မြန်မာ့အရေး ကုလ ဖိအားပေး ဆောင်ရွက်ဖို့ NSW လွှတ်တော် တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရသစ်က တိုင်းရင်းသားတွေ အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးလာအောင် ကုလသမဂ္ဂနဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) တို့က ဦးစီးဆောင်ရွက်ပေးဖို့ အပြင် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ထားပေးဖို့တွေကို သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးစ် (New South Wales) လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေတာတွေကို ရပ်တန့်ပြီး ပင်လုံညီလာခံလို ညီလာခံတရပ် ခေါ်ယူဖို့နဲ့ အမျိုးသား သင့်မြတ်ရေး လုပ်ဆောင်ဖို့တွေကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးတဲ့နောက် အပြင်မှာ ပထမဆုံးမွေးနေ့ ကျင်းပချိန် မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ခင်းနေတာ တွေ့ရပြီး ငြိမ်းချမ်းရေးကိုပဲ လိုချင်တယ်လို့ ပြောဆိုခဲ့တာမို့ မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အရေးတကြီး လိုအပ်နေပြီလို့ သြစတြေးလျနိုင်ငံက မြင်သလို ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ မြန်မာ့အရေး ကုလသမဂ္ဂက ထဲထဲဝင်ဝင် ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုလိုက်တယ်လို့ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးစ်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ကေး (John Kaye) က ပြောပါတယ်။

နယူးဆောက်သ်ဝေးစ်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ကေး။
နယူးဆောက်သ်ဝေးစ်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ကေး။

“ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ဖို့အတွက် နယူးဆောက်သ်ဝေးစ် လွှတ်တော်က ဒီကနေ့ တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မရမချင်း၊ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း ကုလသမဂ္ဂ အနေနဲ့ မြန်မာအာဏာရှင် အစိုးရကို ဖိအားပေးရမှာ ဖြစ်သလို ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့် အာဏာကို သုံးပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တယ်။” လို့ ပြောသွားပါတယ်။

အခုတက်လာတဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီနည်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တက်လာတာ မဟုတ်တဲ့အပြင် လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲနဲ့ တက်လာတာမို့ သြစတြေးလျ လွှတ်တော်က လက်မခံသလို အသိအမှတ်လည်း မပြုဘူးလို့ ဆိုပါတယ်။ လက်ရှိမှာလည်း အစိုးရသစ်ဟာ ရာထူးအခေါ်အဝေါ်သာ အသစ်ပြောင်းပြီး အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဖိနှိပ်အုပ်ချုပ်တဲ့ပုံစံ တူနေသလို တိုင်းရင်းသားတွေနဲ့ စစ်ဆင်နွှဲနေတာတွေ မရပ်သေးဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ဖမ်းထားတာလို လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို တွေ့နေရတာမို့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

ဒီလို ပြောင်းလဲလာဖို့အတွက် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဦးဆောင်ဖို့နဲ့ မြန်မာအာဏာရှင်တွေကို အရင်လို ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံနေတာတွေ ရပ်ပစ်ဖို့ လိုပြီလို့ ဆိုပါတယ်။

“ဘန်ကီမွန်းဟာ မြန်မာအာဏာရှင်တွေအပေါ် သက်သက်ညှာညှာနဲ့ ဆက်ဆံနေတယ်လို့ မြင်ပါတယ်။ ဘန်ကီမွန်း အနေနဲ့ မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ ပြတ်ပြတ်သားသား တောင်းဆိုရမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ လုပ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရအောင် လုပ်ပေးဖို့အတွက် ကျနော်တို့ လွှတ်တော်ကနေ တောင်းဆိုပါတယ်။” လို့ ပြောသွားပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာလည်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် အချိန်ဇယားကို သေသေချာချာ သတ်မှတ်ဖို့ လိုအပ်သလို မြန်မာနိုင်ငံ အရေးအတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မယ့် အထူးကိုယ်စားလှယ် တဦးကိုလည်း အမြန်ဆုံး ခန့်အပ်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

မကြာသေးခင်ကပဲ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အစည်းအဝေးမှာလည်း အလားတူ တောင်းဆိုခဲ့တာမို့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်ထားရေးအတွက် စဉ်းစားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်တာ တခုတည်းကို ကြည့်ပြီး ပြောင်းလဲမှုတွေ တွေ့နေရပြီလို့ နိုင်ငံတကာက အမြင်မမှားသင့်ကြောင်းနဲ့ မြန်မာအစိုးရသစ် အနေနဲ့ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့တကြောမှာ တိုင်းရင်းသားတွေနဲ့ စစ်မက်တွေ ဖြစ်ပွားနေတာမို့ ဒါဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးတကြီးလုပ်ဖို့ လိုအပ်နေပြီလို့ မစ္စတာကေးက မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ရာဇဝင်ကိုကြည့်ရင် ပင်လုံညီလာခံ ကျင်းပပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ပေးနိုင်တာ သက်သေရှိပါတယ်။ ဒါကြောင့် ဒီလိုညီလာခံမျိုး ကျင်းပပေးနိုင်ရင် မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးက သူတို့ကို စစ်ဆင်ပြီး ဖိနှိပ်နေတယ်၊ လေးစားမှု မရှိဘဲနဲ့ ဘေးဖယ်ထားနေတယ်ဆိုတဲ့ အတွေးမျိုးတွေ ပျောက်သွားနိုင်ပါတယ်။” လို့ သြစတြေးလျ အထက်လွှတ်တော်အမတ် မစ္စတာကေးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG