သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်။ ဇွန် ၆၊ ၂၀၁၁။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်။ ဇွန် ၆၊ ၂၀၁၁။

မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သြစတြေးလျနိုင်ငံက ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ သိရအောင် ၃ ရက်ခရီး လာခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသားတွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်နဲ့ ရောက်နေကြောင်း ရန်ကုန် သြစတြေးလျ သံရုံးကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ရောက်နေပါပြီ။ ကြာသပတေး၊ သောကြာနဲ့ စနေ ၃ ရက် နေမှာပါ။ သူဟာ မြန်မာနိုင်ငံ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီး၊ ပညာရေး ဝန်ကြီးတွေနဲ့လည်း တွေ့မှာပါ။ နောက် မြန်မာနိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဖွဲ့မျိုးစုံနဲ့တွေ့ဖို့ စီစဉ်ထားပေမဲ့ UNHCR နဲ့ Save the Children အဖွဲ့တွေကတော့ အဓိက ပါပါတယ်။ နောက် တွေ့ဖို့ရှိတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ အချိန်အတော်ကြာ ကတည်းက တောင်းဆိုနေတဲ့ သြစတြေးလျနိုင်ငံ အနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာ ရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ပါ မူဝါဒ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာသမ္မတသစ် အပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

“မနက်ဖြန် အထွေထွေ အတွင်းရေးမှူးရဲ့ နေအိမ်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူနဲ့ပါလာတဲ့ အဖွဲ့နဲ့ လက်ခံတွေ့ပါမယ်။ နေ့လယ်ပိုင်းမှာပါ။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မပါပါဘူး။ အခုထိ ကျနော်တို့ CEC ကို ဖိတ်ထားတာ မရှိပါဘူး။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားနဲ့ တခြားပါတီ တချို့က ခေါင်းဆောင်တွေကိုတော့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရွှေတောင်ကြားက သြစတြေးလျ သံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂ ရက်နေ့ ၂ နာရီ တွေ့မယ်ဗျ။ ကျနော်တို့ပါတီကတော့ ကျနော်နဲ့ ဒေါက်တာသန်းငြိမ်း ပါမှာပေါ့။ တခြားပါတီကတော့ ဘယ်သူတွေ ဖိတ်ထားလည်း မသိဘူး။ တိုင်းရင်းသား ပါတီတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ ထုံစံအတိုင်း ဆုံတာများတာတော့ ၅ ပါတီလောက်တော့ ဖိတ်တယ်ဗျ။ တိုင်းရင်းသားတွေရော ကျနော်တို့နဲ့ရောပေါ့လေ။

“အဓိကကတော့ သမ္မတ ဦးသိန်စိန် ပေးထားတဲ့ ကတိကဝတ်အတိုင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့၊ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့ကို တကယ် ဆောင်ရွက်နိုင်ပ့ါမလားဆိုတဲ့ မေးခွန်းပေါ့၊ ကျနော်တို့က ဒါကို ဘယ်လိုမြင်သလဲပေါ့၊ ပါတီတွေက၊ ဒါပဲမေးမှာပါ။ အဲဒါတွေ ကျနော်တို့ ဖြေပေးရမှာပေါ့။ နိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စဝိစ္စတွေလည်း မေးရင် ကျနော်တို့က ဖြေပေးရမှာပါ။

“ကျနော်တို့ဘက်ကတော့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာကိုး။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြရမှာပေါ့ဗျာ။ ဦးသိန်းစိန်နဲ့ ပတ်သက်တဲ့ ကိစ္စလည်း ကျနော်တို့ ရှင်းရမှာပေါ့ဗျာ။ ဒါကတော့ သူပြောတိုင်းလည်း ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ကျနော်တို့က တာဝန် ဘယ်ခံနိုင်မလဲ။ စောင့်ကြည့် လေ့လာဖို့တော့ ကျနော်တို့ အချိန်ယူရမှာပေါ့။ ဒါတွေပြောရမှာပါ။”

မစ္စတာရပ်ဒ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၀၂ ခုနှစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဒေါင်းနား (Alexander Downer) သွားခဲ့ပြီးတဲ့နောက်မှာ ၉ နှစ်အတွင်း ဒါဟာ ပထမဆုံး သြစတြေးလျ အဆင့်မြင့် အရာရှိကြီးတဦး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) အဆိုတင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကိစ္စကို မစ္စတာရပ်ဒ် လက်ထက်မှာ သြစတြေးလျက ပထမဆုံး ထောက်ခံခဲ့သလိုပဲ ၁၉၉၉ ခုနှစ်လောက်မှာ သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စတာ ခရစ်စ်တိုဖာ ဆီဒိုတီ လက်ထက်မှာ မြန်မာနိုင်ငံက မြန်မာအရာရှိတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းတွေ ပထမဆုံး စတင် ဖွင့်လှစ်ပေးခဲ့တာမို့ အကျဉ်းဦးစီးဌာန၊ ရဲနဲ့ တရားဥပဒေရေးဆိုင်ရာ အရာရှိ အတော်များများလည်း တက်ရောက်ခွင့် ရခဲ့တာ တွေ့ရပါတယ်။

XS
SM
MD
LG