သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) က မြန်မာနိုင်ငံကို ဇွန်လ ၃၀ ရက် ကြာသပတေးနေ့မှာ သွားမယ်လို့ သိရပါတယ်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ သြစတြေးလျ နိုင်ငံက ကူညီနိုင်မယ့် နည်းလမ်းတွေကို စုံစမ်း ရှာဖွေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ မကြာခင်ကမှ အမေရိကန် ပြည်ထောင်စုက သန္နိဋ္ဌာန်ချ ဆောင်ရွက်ဖို့ ပြောကြားခဲ့သလို ဒီကိစ္စကိုပဲ ပထမဦးဆုံး ထောက်ခံခဲ့တဲ့ သြစတြေးလျနိုင်ငံ အနေနဲ့လည်း အလားတူ အောင်မြင်အောင် ဆောင်ရွက်ပေးဖို့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက လိုလားတဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ပါ မူဝါဒ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ ကာလ အတော်ကြာကတည်းက တောင်းဆိုနေတဲ့ သြစတြေးလျနိုင်ငံ အနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ မစ္စတာ ရပ်ဒ်က သောကြာနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ မစ္စတာ ရပ်ဒ်ဟာ ကြာသပတေးနေ့ကျရင် ရန်ကုန်မြို့ကို ရောက်မယ်လို့ နိုင်ငံခြားရေးရုံး အရာရှိတဦးက ပြောပါတယ်။

“ကြာသပတေးနေ့ကျရင် မစ္စတာ ရပ်ဒ် မြန်မာနိုင်ငံကို ရောက်လာမှာပါ။ ရန်ကုန်ကို ကြာသပတေးနေ့ ရောက်ပြီး စနေနေ့ကျရင် ပြန်မှာပါ။” လို့ ပြောသွားပါတယ်။

မစ္စတာ ရပ်ဒ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၀၂ ခုနှစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဒေါင်းနား (Alexander Downer) သွားပြီးတဲ့နောက် ၉ နှစ်အတွင်း ပထမဆုံး သြစတြေးလျ အဆင့်မြင့် အရာရှိကြီးတဦး မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းအတွက် အရေးပါတဲ့ အကူးအပြောင်း အချိန်ကာလမျိုးမှာ အခုလို သွားရောက်တာဖြစ်ပြီး သြစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး တိုးတက်စေဖို့အတွက် ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ် ဆိုတာကို သေသေချာချာ ကြည့်နိုင်မယ်လို့ မစ္စတာ ရပ်ဒ်က ပြောပါတယ်။

သြစတြေးလျနိုင်ငံက မြန်မာ့အရေး ဆောင်ရွက်နေသူတွေကတော့ မစ္စတာ ရပ်ဒ်ရဲ့ အခုခရီးစဉ်မှာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေ အမြန်ဆုံး ရပ်ပစ်ဖို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူဖို့အတွက် ပြောဆို တိုက်တွန်းစေချင်တယ်လို့ သြစတြေးလျနိုင်ငံက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“မြန်မာနိုင်ငံ မြောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ်မှာ လက်ရှိ အာဏာပိုင်တွေက အမြန်ဆုံး အပစ်အခတ် ရပ်စဲပြီးတော့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ကို ပြောစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးမှာ အဓိကကျတဲ့ ခေါင်းဆောင်တယောက် ဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အာဏာပိုင်တွေက အပြည့်အ၀ အာမခံပေးဖို့အတွက် မစ္စတာ ဂျွန်မက်ကိန်း (John McCain) တောင်းဆိုခဲ့သလို ကယ်ဗင် ရပ်ဒ်ကလည်း တောင်းဆိုပေးဖို့ ကျနော်တို့ လိုလားပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) အဆိုတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ကိစ္စကို ပထမဆုံး ထောက်ခံခဲ့တဲ့ သြစတြေးလျနိုင်ငံက ဒီလို ကော်မရှင်တခု ဖွဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံဘက်က မကြာခင်ကမှ အရေးတယူ ဆောင်ရွက်နေပါတယ်လို့ ကြေညာလိုက်သလိုမျိုး အခု မစ္စတာ ရပ်ဒ်ရဲ့ ခရီးစဉ်ကနေ ပြောဆိုသင့်တယ်လို့လည်း ဆိုပါတယ်။

“သြစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု ခေါင်းဆောင်တွေ၊ စစ်ရာဇ၀တ်မှု ကျူးလွန်နေတဲ့ တပ်မတော်က ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ သူတို့ချိုးဖောက်တဲ့ အမှုတွေကို စစ်ဆေး ဖော်ထုတ်ဖို့ ဆိုပြီးတော့ မစ္စတာ ကယ်ဗင် ရပ်ဒ် နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့အချိန် ၂၀၁၀ ခုနှစ် မတ်လမှာ စတင်ပြီး တရားဝင် ထောက်ခံကြောင်း သူ့အနေနဲ့ ကြေညာပါတယ်။

“ဒါကြောင့် အခု အမေရိကန်အစိုးရ အနေနဲ့ ကုလသမဂ္ဂ ဦးစီးတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ဖော်ထုတ်မယ် ဆိုတဲ့ကိစ္စကို ကြေညာလိုက်သလိုပဲ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်ကလည်း အလားတူ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဆို ဆွေးနွေးသင့်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အောင်မြင်မှု ရှိမရှိကတော့ လက်ရှိ မြန်မာအစိုးရသစ်ပေါ်မှာပဲ မူတည်နေပါတယ်လို့လည်း ဒေါက်တာမြင့်ချိုက ပြောပါတယ်။

သြစတြေးလျ အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူ ၄၆၃ ဦးပေါ်မှာ ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူ ဆောင်ရွက်နေသလို လက်နက်တင်ပို့ ရောင်းချခွင့်တွေကိုလည်း ပိတ်ပင်ထားပေမဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှုတွေကို ၂၀၀၉-၂၀၁၀ မှာ ဒေါ်လာသန်း ၃၀ နီးပါး ပေးဝေခဲ့ပြီး ၂၀၁၁-၂၀၁၂ မှာ ၄၇.၅ သန်းကျော် ပေးအပ်ဖို့ ရှိပါတယ်။

XS
SM
MD
LG