သြစတြေးလျနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ဖြစ်လာသူ ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကောင်းမွန်တဲ့ အစိုးရတခု လမ်းစပျောက်နေတဲ့အတွက် ဝန်ကြီးချုပ်သစ် တာဝန်ကို ယူလိုက်တာလို့ ဝန်ကြီးချုပ်သစ် ဂျူလီယာ ဂေးလ်လာ့ဒ်က ပြောပါတယ်။
လက်ရှိ အာဏာရ လေဘာပါတီခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ကယ်ဗင် ရပ်ဒ် (Kevin Rudd) နေရာမှာ ဂျူလီယာ ဂေးလ်လာ့ဒ်ကို အစားထိုးဖို့ ပါတီက မဲခွဲဆုံးဖြတ်ခဲ့ကြပြီးနောက်မှာ အသက် ၄၈ နှစ်အရွယ် ရှေ့နေတယောက်ဖြစ်တဲ့ အရင် ဒုတိယဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် ဝန်ကြီးချုပ်တာဝန် ယူလိုက်တာ ဖြစ်ပါတယ်။
အရင်က လူကြိုက်များခဲ့သူ ဝန်ကြီးချုပ်ဟောင်း ကယ်ဗင် ရပ်ဒ် အပေါ် ထောက်ခံမှုတွေ ကျဆင်းလာနေတယ်လို့ လတ်တလော စစ်တမ်းတွေက ဖော်ပြခဲ့ကြပြီးနောက်မှာ မစ်စ် ဂျူလီယာ ဂေးလ်လာ့ဒ် အပေါ် လေဘာပါတီ အမတ်တွေရဲ့ ထောက်ခံမှု ရလာခဲ့တာပါ။
အောက်တိုဘာလထဲမှာ ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပမှာမို့ ရွေးကောက်ပွဲမှာ မစ္စတာရပ်ဒ်ကြောင့် လေဘာပါတီ ပြန်ပြီး အနိုင်မရမှာကို ပါတီက စိုးရိမ်နေတာ ဖြစ်ပါတယ်။
မစ္စတာရပ်ဒ်အပေါ် လူကြိုက်နည်းစေခဲ့တဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို အကြီးအကျယ် အခွန်တိုးကောက်မယ့် အငြင်းပွားစရာ ကိစ္စနဲ့ ပတ်သက်လို့ ညှိနှိုင်းမှုတွေ လုပ်သွားပါ့မယ်လို့ ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဂျူလီယာ ဂေးလ်လာ့ဒ်က ကတိပေးပါတယ်။