သြစတြေးလျနိုင်ငံမှာ ပါတီတွင်း ပြိုင်ဘက် တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကယ်ဗင်ရပ်ဒ် (Kevin Rudd) က ခေါင်းဆောင် ရာထူး ယှဉ်ပြိုင်လာတာကို အလွယ်တကူ အနိုင်ရပြီးတဲ့နောက် နိုင်ငံရေးတိုက်ပွဲတွေ ရပ်တန့်ကြဖို့ ဝန်ကြီးချုပ် ဂျူလီယာဂေးလက် (Julia Gillard) က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကယ်ဗင်ရက်ဒ် ဟာ တချိန်က ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျူလီယာဂေးလက် က ၂၀၁၀ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကို ဖယ်ရှား အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။
အာဏာရ လေဘာပါတီအတွင်း ခေါင်းဆောင်ရာထူး အတွက် ယှဉ်ပြိုင်နေကြသူ ၂ ဦးအတွက် ပါတီတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ ဝန်ကြီးချုပ် ဂေးလက် က နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကယ်ဗင်ရပ်ဒ် ကို ၇၁ မဲ၊ ၃၁ မဲနဲ့ အပြတ်အသတ် အနိုင်ရလိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။ ဝန်ကြီးချုပ် ဂျူလီယာဂေးလက် ဟာ သြစတြေးလျ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။
တကယ်လို့ သူသာ အခု မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ရှုံးနိမ့်ခဲ့ရင် နောက် ရွေးကောက်ပွဲ မတိုင်ခင်အထိ ပါတီခေါင်းဆောင် နေရာအတွက် သူ့အနေနဲ့ စိန်ခေါ် အကဲစမ်းမှုတွေ လုပ်မှာမဟုတ်တော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကယ်ဗင်ရပ်ဒ် က ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရာထူးက နုတ်ထွက်ပြီး နောက်တစ်ရက်မှာ ပါတီခေါင်းဆောင် ဖြစ်လာဖို့ ကယ်ဗင်ရပ်ဒ်က စိန်ခေါ်လာတဲ့အတွက် အခုလို ပါတီတွင်း မဲခွဲ ဆုံးဖြတ်ကြဖို့ ဝန်ကြီးချုပ် ဂေးလက် က ကြာသပတေးနေ့မှာ တောင်းဆိုခဲ့တာပါ။