သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျဝန်ကြီးချုပ် Gillard လေဘာပါတီခေါင်းဆောင်မှု ဆုံးရှုံး


သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေလ်လဒ်
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေလ်လဒ်
သြစတြေးလျနိုင်ငံက အာဏာရ လေဘာပါတီ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ မဲခွဲမှုမှာ ဝန်ကြီးချုပ်ဟောင်း ကီဗင် ရဒ် (Kevin Rudd) က လက်ရှိဝန်ကြီးချုပ် ဂျူလီယာ ဂေလ်လဒ် (Julia Gillard) ကို အနိုင်ရခဲ့ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ လေဘာပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကြား မဲခွဲခဲ့တာမှာ မစ္စတာ ရဒ် က ၅၇ မဲ မစ္စစ် ဂေလ်လဒ် က ၄၅ မဲ ရရှိခဲ့တဲ့အတွက် စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ လေဘာပါတီ အတွက် မစ္စတာ ရဒ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကီဗင် ရဒ် ကို တာဝန်ပေးဖို့ ဘုရင်ခံချုပ်ဆီကို သူအကြောင်းကြားလိုက်ပြီလို့ သူ့ရဲ့ ရှုံးနိမ့်မှုကို လက်ခံတဲ့ မိန့်ခွန်းမှာ မစ္စစ် ဂေလ်လဒ် က ပြောကြားခဲ့ပါတယ်။ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာလည်း သူ့အနေနဲ့ ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပါတီခေါင်းဆောင်ကို မဲခွဲဆုံးဖြတ်ဖို့ မစ္စစ် ဂေလ်လဒ် က မစ္စတာ ရဒ် ကို ဒီကနေ့ အစောပိုင်းမှာ စိန်ခေါ်ခဲ့ပြီး တကယ်လို့သာ သူရှုံးခဲ့ရင် နိုင်ငံရေးလောကကနေ အနားယူမယ်လို့ ကတိပေးခဲ့တာပါ။

နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဂျူလီယာ ဂေလ်လဒ် (Julia Gillard) ကို ဖြုတ်ချဖို့ ကြိုးစားတဲ့အနေနဲ့ ကီဗင် ရဒ် (Kevin Rudd) ကို ထောက်ခံကြသူတွေက ပါတီတွင်း လျှို့ဝှက်စည်းဝေးပွဲ ပြင်ဆင်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ် ဂေလ်လဒ် က မဲခွဲဆုံးဖြတ်ဖို့ အစည်းအဝေး ခေါ်ခဲ့တာဖြစ်ပါတယ်။

ကီဗင်ရဒ် ဟာ သြစတြေးလျနိင်ငံ ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ဇွန်လအထိ တာဝန်ယူခဲ့ပြီး အဲ့ဒီတုန်းကလည်း အခုလိုပဲ ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ မဲခွဲဖို့ ရှိနေချိန်မှာ မစ္စတာ ရဒ် က ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်ခဲ့တဲ့အတွက် ဒုဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စစ် ဂေလ်လဒ် က ဝန်ကြီးချုပ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG